ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလား ခေါင်းဆောင်သစ် Delcy Rodríguez ကို “မှန်တာကို မလုပ်ဘူးဆိုရင် မာဒူရို ထက်ပင် တန်ဖိုးကြီးကြီး ပေးဆပ် ရနိုင်တယ်လို့’’ သတိပေး ပြောကြား လိုက်ပါတယ်။
တနင်္ဂနွေနေ့က The Atlantic မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ထရမ့် က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားအတွက် “အစိုးရပြောင်းလဲလို့ပဲ ခေါ်ခေါ်၊ အခုလက်ရှိ အခြေ အနေ ထက် ပိုကောင်းပါတယ်။ ဒီထက်ဆိုးသွားစရာ မရှိပါဘူး” လို့ ထရမ့်က ပြောပါတယ်။
စနေနေ့တုန်းကတော့ ထရမ့်က “ဘေးကင်းလုံခြုံပြီး သင့်လျော် တရားမျှ တတဲ့ အသွင်ကူးပြောင်းမှု” ဖြစ်လာတဲ့ အထိ အမေရိကန် က ဗင်နီဇွဲလား ကို “အုပ်ချုပ်” မယ်လို့ ကတိပြုထားပါတယ်။
အမေရိကန် ဖမ်းဆီးထားတဲ့ ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရို ကတော့ ဒီကနေ့ တနင်္လာနေ့ နယူးယောက် တရားရုံးမှာ ရုံးထုတ်ဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ လက်နက်ပြစ်မှုတွေနဲ့ တရားစွဲဆို ခံထားရတဲ့ မာဒူရိုကို “မူးယစ်ဆေးဝါးအကြမ်းဖက်” က အစိုးရတရပ်ကို အုပ်ချုပ်နေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
စနေနေ့က ဗင်နီဇွဲလား မြို့တော် ကာရာကက်စ် ကို အမေရိကန်က လေကြေင်းက ဗုံးကြဲပြီး မာဒူရိုနဲ့ ဇနီး တို့ကို ဖမ်းဆီးကာ အမေရိကန်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကတော့ ဗင်နီဇွဲလားနဲ့ စစ်ဖြစ်နေတာ မဟုတ်ဘူးလို့ အခိုင်အမာပြောထားပါတယ်။
“ကျွန်တော်တို့ဟာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်တဲ့ အဖွဲ့အစည်း တွေကို တိုက်ခိုက်နေတာပါ။ အဲဒါက ဗင်နီဇွဲလားကို တိုက်ခိုက်တဲ့ စစ်ပွဲ မဟုတ်ပါဘူး” လို့ ရူဘီယိုက တနင်္ဂနွေနေ့ မနက်ပိုင်း NBC ရုပ်သံကို ပြောကြားခဲ့ပါတယ်။
ဒီမိုကရက်အမတ်တချို့ကတော့ ဒီစစ်ဆင်ရေးဟာ “စစ်ပွဲဆင်နွှဲမှု” တရပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်က အမေရိကန်ရေနံကုမ္ပဏီတွေ ဗင်နီဇွဲလား ကိုသွားပြီး ရေနံတွေ ထုတ်လုပ်မယ်လို့ ပြောကြား ထားပေမယ့် သမ္မတမာဒူရို ရဲ့ မဟာမိတ် တွေက အာဏာကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။
—————————
THN Public Media
