THN Public Media Blog Uncategorized တရုတ်က အလိုရှိနေတဲ့ ကျားဖျန့် ခေါင်းဆောင် ‘’ရှီကျီကျန်း’’ ကို ထိုင်းနိုင်ငံ က ပြန်လွှဲပေးဖို့ ပိုမိုနီးစပ်လာ
Uncategorized

တရုတ်က အလိုရှိနေတဲ့ ကျားဖျန့် ခေါင်းဆောင် ‘’ရှီကျီကျန်း’’ ကို ထိုင်းနိုင်ငံ က ပြန်လွှဲပေးဖို့ ပိုမိုနီးစပ်လာ

အောက်တိုဘာ ၂၅ – ၂၀၂၅

တရားမဝင် လောင်းကစားရုံ လုပ်ငန်းကြောင့် တရုတ်နိုင်ငံက အလိုရှိ နေတဲ့ အသက် ၄၃ နှစ်အရွယ် တရုတ် – ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်း ကို ထိုင်းအာဏာပိုင်တွေက တရုတ်ကို လွှဲပြောင်းပေးဖို့ ပြင်ဆင် နေတယ်လို့ ထိုင်း Khaosod သတင်းမှာ မနေ့က ဖေါ်ပြထား ပါတယ်။

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး က ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်ခြင်း မရှိကြောင်း တညီတညွတ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆုံးဖြတ်ချက်ဟာ ရှီကျင်ကျန်း ကို လွှဲပြောင်းပေးဖို့ အစိုးရ ရှေ့နေ တွေကို လမ်းဖွင့် ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ရှီကျင်ကျန်းဟာ တရုတ်နိုင်ငံရဲ့ ကာဆီနိုလုပ်ငန်း ဆိုင်ရာ ရာဇဝတ်မှု နဲ့ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။

သူဟာ လက်ရှိမှာ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Klong Prem ဗဟို အကျဉ်းထောင် မှာ အကျဥ်းကျခံနေရသူပါ။

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရဲအရာရှိ ဒုဗိုလ်မှူးကြီး Prawut Wongsinin က ရာဇဝတ်သား လွှဲပြောင်းရေး အတွက် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ တရုတ်အာဏာပိုင်တွေ၊ အစိုးရရှေ့နေတွေ နဲ့ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်တွေ အကြား ပူးပေါင်း ဆောင်ရွက် မှုတွေ ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ပြင်ဆင်မှုအားလုံး ပြီးသွားတာနဲ့ အကျဉ်းဦးစီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာပါ” လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့ နိုင်ငံခြားရေး ဌာနနဲ့ ရှေ့နေချုပ်ရုံးတို့နဲ့ အဆက်မပြတ် ဆက်သွယ်နေပါတယ်။ ဒီတရားခံရဲ့ အရေးပါမှုကြောင့် ဒီအမှုက အရှိန် အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ နားလည်ထားပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း လုံခြုံရေး အကြောင်းပြချက်နဲ့ ဘယ်နေ့ ဘယ်အချိန် ဆိုတာ အတိအကျ ထုတ်ဖေါ် ပြောဆိုဖို့ ကိုတော့ ငြင်းဆိုခဲ့ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ ကယ်ထုတ်သွားမယ့် ကြိုးပမ်းမှုတွေ ဒါမှမဟုတ် မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာမှာ စိုးတာကြောင့် ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ပြစ်ဒဏ်ချမှတ်ထားပြီး ၂၀၂၂ ဩဂုတ်လ ထိုင်းရဲတပ်ဖွဲ့ က မဖမ်းဆီးရမီ အချိန်အထိ တိမ်းရှောင်နေခဲ့တဲ့ ရှီကျီကျန်းဟာ လူကုန်ကူးမှု၊ အဓမ္မ ငွေညှစ်မှု၊ ဆိုက်ဘာ လိမ်လည်မှု လုပ်ငန်းတွေ နဲ့ ဆက်နွယ်နေသူ ဖြစ်ပါတယ်။

Tang Kriang Kai လို့လည်း လူသိများတဲ့ တရုတ်-ကမ္ဘောဒီးယား နိုင်ငံသား သူဌေးကြီး ရှီကျီကျန်းဟာ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ နဲ့ ပူးပေါင်းကာ ထိုင်းမြန်မာနယ်စပ် မြန်မာဘက်ခြမ်း မြဝတီမြို့အနီး ရွှေကုက္ကိုလ် မြို့သစ် ကို တည်ထောင်ခဲ့ ခြင်း ကြောင့် အရေးယူ ပိတ်ဆို့မှုတွေ ခံထားရ သူ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အဆိုအရ သူတို့ နှစ်ဦးဟာ ရွှေကုက္ကိုလ်ရွာငယ်လေးကို လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါး ကုန်ကူးမှု နဲ့ အမေရိကန်နိုင်ငံသားတွေ အပါအဝင် ကမ္ဘာတစ်ဝန်းက လူတွေကို ပစ်မှတ်ထားတဲ့ နိုင်ငံတကာ ကျားဖျန့် လိမ်လည် ဂိုဏ်းတွေကို တည်ထောင်ပြီး အပန်းဖြေ မြို့ကြီး အဖြစ် ပြောင်းလဲ ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ရှီကျီကျန်း က ထိုင်းအကျဉ်းထောင်မှာ လူမဆန်စွာ ဆက်ဆံ ခံနေရတယ်လို့ စွပ်စွဲပြောဆိုခဲ့ရာမှ ဒီအမှုဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

အခုလို စွပ်စွဲချက်ကို အဲဒီတုန်းက တရားရေးဝန်ကြီး Thawee Sodsong က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။

Ref: Khaosod

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version