မတ်လ ၉ – ၂၀၂၆
အီရန်နိုင်ငံ ဘက်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုတိယမြောက် ပဲ့ထိန်းဒုံးကျည် ဟာ တူရကီ လေပိုင်နက်ထဲကို ကျူးကျော် ရောက်ရှိခဲ့ပြီးနောက် နေတိုးရဲ့ လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် ကနေ ပစ်ချ ဖျက်ဆီး နိုင်ခဲ့တယ် လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက် ပါတယ်။
အဲဒီ ဒုံးကျည်ရဲ့ အပိုင်းအစတွေဟာ နိုင်ငံတောင်ပိုင်း Gaziantep မြို့က လူသူ မရှိတဲ့ မြေလွတ်ပေါ်ကို ကျရောက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတာမျိုး တော့ မရှိဘူးလို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အပတ်ကလည်း တူရကီလေပိုင် နက်ဆီကို ဦးတည်လာတဲ့ အီရန်ဒုံးကျည် တစင်းကို နေတိုးကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချ ဖျက်ဆီးခဲ့ပါသေးတယ်။
ယူအေအီး မှာတော့ ဒီကနေ့ တရက်တည်း ပဲ့ထိန်းဒုံးကျည် ၁၅ စင်း ကျရောက် လာတာကို ထောက်လှမ်း သိရှိခဲ့ပြီး ၁၂ စင်းကို ပစ်ချနိုင်ခဲ့ကာ ကျန် ၃ စင်းကတော့ ပင်လယ်ထဲကို ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒရုန်း ၁၈ စင်းကိုလည်း ထောက်လှမ်းနိုင်ခဲ့ပြီး ၁၇ စင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကာ ၁ စင်း ကတော့ ယူအေအီး ပိုင်နက် အတွင်းမှာ ပျက်ကျခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုတွေ စတင်ခဲ့ကတည်းက ဆိုရင် စုစုပေါင်း ပဲ့ထိန်း ဒုံးကျည် ၂၅၃ စင်း၊ ခရုစ်ဒုံးကျည် ၈ စင်းနဲ့ ဒရုန်း ၁၄၄၀ စင်းတို့ကို ထောက်လှမ်း တွေ့ရှိခဲ့ရတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီ အထဲက ပဲ့ထိန်းဒုံးကျည် ၂ စင်းနဲ့ ဒရုန်း ၈၁ စင်းဟာ နိုင်ငံအတွင်းကို ထိမှန်ခဲ့ပြီး ကျန်တဲ့ အစင်းတွေကိုတော့ ကြားဖြတ် ပစ်ချနိုင်ခဲ့တာ ဒါမှမဟုတ် ပင်လယ်ထဲကို ကျသွားခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် အခုအချိန်အထိ လူ ၄ ဦး သေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကာတာနိုင်ငံမှာလည်း AFP နဲ့ Reuters သတင်းဌာနတွေရဲ့ အဆိုအရ မြို့တော် ဒိုဟာ မှာ ပေါက်ကွဲ သံတခု ကြားခဲ့ရတယ်လို့ သိရပါတယ်။
ကာတာ ကာကွယ်ရေးဝန်ကြီးဌာန ကတော့ ကာတာ နိုင်ငံကို ပစ်မှတ်ထား တဲ့ ဒုံးကျည် တိုက်ခိုက်မှု တခုကို လက်နက်ကိုင် တပ်ဖွဲ့တွေက ကြားဖြတ် ဟန့်တား နိုင်ခဲ့တယ်လို့ အတည်ပြုပြောကြားထားပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုတွေဟာ အစ္စရေး တင်မကဘဲ အိမ်နီးချင်း ပင်လယ်ကွေ့ နိုင်ငံတွေနဲ့ တူရကီ အထိပါ ကျယ်ပြန့်လာတာကို တွေ့ရ ပါတယ်။
photo: Reuters
—————————
THN Public Media
