ဒီကနေ့ ဇန်နဝါရီ ၉ ရက်၊ မနက် အစောပိုင်း ကျောက်တံခါးမြို့နယ် ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်မှာ တိုက်ပွဲ ပြင်းထန် ခဲ့ပြီး တောကျွဲအင်းမြို့ (ခ) အောင်မြင်မြို့ကို PDF တွေက ထိန်းချုပ် လိုက်ပြီ လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
“မနက်ကတည်းက တိုက်ပွဲတွေဖြစ်ပြီး သေတာကတော့ သေနေကြတာပဲ။ ဘယ်ဘက်က သေတယ်လို့တော့ မပြောတတ်ဘူး။ ကျွန်မတို့ ထွက်ပြေး လာတုန်းကတော့ ကားလမ်းပေါ်မှာ အလောင်းတွေ တွေ့တာပဲ။ လေကြောင်း တိုက်ခိုက်တာလည်း ဖြစ်တယ်လေ။ အဲဒါကြောင့် ကျွန်မတို့ တွေလည်း မနက်အစောကြီး ကတည်းက ထွက်လာလိုက်တာဆိုတော့ မြို့ကို သိမ်းတာ၊ မသိမ်းတာ ကတော့ မပြောတတ်ဘူး။ မသိတော့ဘူး သတင်းကတော့” လို့ ဒေသခံတယောက်က ပြောပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေဟာ တောကျွဲအင်းမြို့ရဲ့ အနောက်ဘက်က ကျေးရွာတွေဆီ မြို့လုံးကျွတ် နီးပါး စစ်ဘေး တိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။
“တိုက်ပွဲက မြို့ရဲ့ အရှေ့ဘက်တွေမှာဖြစ်တာ တော်တော်ဆိုးတယ်။ တောကျွဲမြို့ပေါ်မှာရော၊ ရွာတွေမှာ ရော ဘယ်သူမှ မရှိကြတော့ဘူး။ ဒီပြင်နေရာတွေလည်း ထွက်လို့မရတော့ တောဘက်တွေပဲ ဆင်းလာ ကြတာ” လို့ သူက ပြောပါတယ်။
တိုက်ပွဲကြောင့် ရန်ကုန် – မန္တလေး ရထားတွေပါ ဘူတာတွေမှာ ရပ်တန့် ထားရသလို ရန်ကုန် – မန္တလေး လမ်းဟောင်း ပေါ်မှာလည်း ကျောက်တံခါး မြို့နယ် အစပ်ထိ ကားတွေ ရပ်တန့် ပိတ်မိနေတယ်လို့ သိရပါတယ်။
“လက်ရှိကတော့ ရန်ကုန် – မန္တလေးလမ်းဟောင်း သုံးလို့မရသေးဘူး။ တိုက်ပွဲကြောင့် ရောက်တဲ့ နေရာမှာ ကားတွေအကုန် ရပ်ထားရလို့ တိုက်ပွဲကြား ပိတ်မိနေတဲ့သူတွေ ရှိသေးတယ်။ ရထားလမ်း ကင်းစခန်း လည်း တိုက်ခိုက်ခံရတယ်။ ရန်ကုန် – မန္တလေး လမ်းဟောင်းက ပိန်းဇလုတ်မြို့ တာဆုံမှာ လည်း ကုန်တင်ယာဉ်တစီး မီးလောင်နေတာ တွေ့တယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
တောကျွဲအင်းမြို့ကို သိမ်းနိုင်ပြီ ဆိုရင် ရိက္ခာနဲ့ တပ်ကူပို့တဲ့ လမ်းကြောင်း ကို ဖြတ်တောက် လိုက်သလိုဖြစ်ပြီး အတော်လေး အထိနာစေမှာ ဖြစ်တယ်လို့ စစ်ရေး လေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။
တောကျွဲအင်းမြို့နဲ့ ၂ မိုင်ခန့်အကွာရှိ ပဲနွယ်ကုန်းမြို့ ရွှေဝါကျေးရွာ အခြေစိုက် အမှတ် (၃၀၇) ခြေမြန်တပ်ရင်း (ခမရ ၃၀၇) က လက်နက်ကြီး တွေနဲ့ ပစ်ကူပေးခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေဟာ တောကျွဲအင်းမြို့အပြင် ရန်ကုန် – မန္တလေး လမ်းဟောင်း၊ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နဲ့ ကျွဲပွဲကျေးရွာကြားမှာလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
PDF တွေဟာ ပဲခူးတိုင်း အရှေ့ခြမ်းမှာတင် မဟုတ်ဘဲ အနောက်ခြမ်းက သာယာဝတီနဲ့ နတ်တလင်းခရိုင်တို့မှာပါ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ ကတည်းက တပြိုင်တည်း စစ်ရေး ဖော်ဆောင် နေတာ ဖြစ်တယ်လို့ သိရပါတယ်။
Crd – VOM
—————————
THN Public Media
