ပဲခူးတိုင်းက တောင်ငူလေတပ်စခန်း ဌာနချုပ်ကို ဒီဇင်ဘာ ည ၁၀ နာရီ မထိုးခင်အချိန်မှာ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တောင်ငူ ဒေသခံ တဦးက
“ဒီဇင်ဘာ ၉ ရက်နေ့၊ ည ၁၀ နာရီ ထိုးခါနီးလောက်ကနေ ၁၀ ရက်နေ့၊ မနက် အစောပိုင်းအထိ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားရတာ။ ငါးချက် လောက်ရှိမယ်။ အိပ်နေရင်း လန့်တောင်နိုးတယ်။ အိမ်ပါတုန်တယ်။ မနက်ကျမှ လေတပ် လောင်စာဆီကန် ရှော့တိုက်ဒုံးတွေနဲ့ ဖောက်ခွဲခံရတယ် ဆိုတာ သိရတာ” လို့ ပြောကြားပါတယ်။
အဲဒီ ပေါက်ကွဲသံနဲ့အတူ မနေ့ ဒီဇင်ဘာ ၁၀ ရက်၊ မနက် ၂ နာရီကျော်အထိ ပစ်ခတ်သံလို အသံတွေကိုပါ ဆက်တိုက်ဆိုသလို ကြားခဲ့ရတယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
“ဒီဇင်ဘာ ၉ ရက်၊ ည ၉ နာရီကျော်လောက်ကနေ ပေါက်ကွဲသံတွေ တအုံးအုံးနဲ့ စပြီး ကြားလိုက်ရတာ။ အသံက နီးကပ်နေသလိုပဲ၊ အကျယ်ကြီး ကြားရတာ။ နောက်တော့ ပစ်ခတ်သံလို အသံတွေကိုပါ ကြားလာရတယ်။ တောက်လျှောက်ပဲ။ မိုးလင်းတဲ့ အထိ ဘယ်သူမှ မအိပ်ရဲကြတော့ဘူး။ အဲဒီအသံတွေက မနေ့က (ဒီဇင်ဘာ ၁၀ ရက်) ညကလည်း တခါကြားရသေးတယ်” လို့ သူက ပြောပါတယ်။
BWM အဖွဲ့ရဲ့ နောက်ဆက်တွဲသတင်း ထုတ်ပြန်ချက်မှာတော့ ပေါင် ၁၅၀၊ ပေါင် ၂၀၀၊ ပေါင် ၃၀၀ ဗုံးသီးတွေ ထားရှိရာ ဂိုဒေါင် တွေထိမှန်ခဲ့တာကြောင့် ပေါက်ကွဲမှု ပြင်းထန်ပြီး နာရီဝက်ကျော်ကြာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
Crd – VOM
—————————
THN Public Media
