Uncategorized

ထရမ့်မျှော်လင့်နေတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆု ကို ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို ရရှိ၊ ‘’ငြိမ်းချမ်းရေးထက် နိုင်ငံရေး ကို ဦးစားပေးကြောင်း’’ အိမ်ဖြူတော်ပြော

အောက်တိုဘာ ၁၀ – ၂၀၂၅

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်နဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ မာရီယာ ကိုရီယာ မာချာဒို (María Corina Machado) ကို နော်ဝေ နိုဘဲလ်ဆုရွေးချယ်ရေး ကောက်မတီက ၂၀၂၅ ခုနှစ် အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ပါတယ်။မာချာဒိုကို “မကြာသေးခင် အချိန်တွေမှာ လက်တင် အမေရိကရှိ အရပ်သားတို့ရဲ့ သတ္တိရှိကို ဖေါ်ပြတဲ့ အထူးခြားဆုံး စံနမူနာတွေထဲက တဦး” အဖြစ် နိုဘဲလ် ကော်မတီက ချီးကျူးလိုက်ပြီး “ဗင်နီဇွဲလား ပြည်သူတွေ အတွက် ဒီမိုကရေစီ အခွင့်အရေး မြှင့်တင်ရေး မှာ မဆုတ်မနစ် ကြိုးပမ်း လုပ်ဆောင်မှု” အတွက် ဂုဏ်ပြုလိုက်ပါတယ်။

နိုင်ငံများစွာက အသိအမှတ်မပြုတဲ့ သက်တမ်း ၁၂ နှစ်ကြာ လက်ရှိ အုပ်ချုပ်နေတဲ့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို မိုရို့စ် ကို မာချာဒိုက ဆန့်ကျင် လှုပ်ရှားမှုတွေ နှစ်ပေါင်းများစွာ ဆောင်ရွက်နေခဲ့သူ ဖြစ်ပါတယ်။ဒီငြိမ်းချမ်းရေး နိုဘဲယ်ဆုကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က အများကြီး မျှော်လင့်ခဲ့ပြီး ဆုရလိုကြောင်း အကြိမ်များစွာ ပွင့်ပွင့် လင်းလင်း ထုတ်ဖေါ်ပြောဆိုခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။

ထရမ့်က သူ့အနေနဲ့ စစ်ပွဲ ၇ ခု ကို အဆုံးသတ်ပေးခဲ့ကြောင်း လူသိ ရှင်ကြား ပြောဆိုမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။သမ္မတအိမ်ဖြူတော် ဆက်သွယ်ရေး ဒါရိုက်တာ ဖြစ်သူ စတီဗင် ချောင် (Steven Cheung) ကတော့ သမ္မတ ထရမ့် မရခဲ့တဲ့ အပေါ် နိုဘဲလ်ကော်မတီ အဖွဲ့ဝင်တွေဟာ “ငြိမ်းချမ်းရေးထက် နိုင်ငံရေးကို ဦးစားပေးကြောင်း” ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ စတီဗင်ချောင်

က သမ္မတ ထရမ့်ရဲ့ စွမ်းဆောင်နိုင်သူမျိုး နောက်ထပ် ဘယ်တော့မှ ရှိတော့မှာ မဟုတ်ကြောင်းလည်း ချီးကျူးထားပါတယ်။အော်စလိုမှာ ဆုရှင်ကို ကြေညာစဥ်မှာ ဆုချီးမြှင့်ရေးကော်မတီက ကမ္ဘာ တဝန်း “ဒီမိုကရေစီ ဆုတ်ယုတ်နေတယ်” လို့ သတိပေးပြောကြားခဲ့ ပါတယ်။ပြီးခဲ့တဲ့နှစ်က အချိန်အတော်များများ ပုန်းအောင်းနေထိုင် ခဲ့ရတဲ့ အသက် ၅၈ နှစ်အရွယ် မာချာဒိုကို “အာဏာရှင်စနစ် ကနေ ဒီမိုကရေစီ စနစ်ဆီ တရားမျှတပြီး ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရန် ရုန်းကန်မှု” အတွက် အသိ အမှတ် ပြုခြင်း ဖြစ်ကြောင်း နိုဘဲလ်ဥက္ကဋ္ဌ Jørgen Watne Frydnes က ပြောကြားခဲ့ ပါတယ်။လူသားချင်းစာနာထောက်ထားမှုနဲ့

စီးပွားရေး အကျပ်အတည်း ခံစားနေရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်နိုင်ငံမှာ သူဟာ “တချိန်က အပြင်းအထန် ကွဲပြားခဲ့တဲ့ နိုင်ငံရေး အတိုက်အခံ အင်အားစု တွေကို အဓိက စည်းလုံးညီညွတ်စေသူ ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။”သူမ ရဲ့ အသက်အန္တရာယ်ကို အပြင်းအထန် ခြိမ်းခြောက်နေပေမယ့် နိုင်ငံထဲမှာ ဆက်လက်နေထိုင်ခဲ့တာဟာ လူသန်းပေါင်းများစွာကို စိတ်ဓါတ်ခွန်အားတွေ ပေးတဲ့ ရွေးချယ်မှု ဖြစ်တယ်” လို့လည်း ပြောပါတယ်။

မာချာဒို ဟာ ၂၀၂၄ ခုနှစ် ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး၊ အဲဒီ ရွေးကောက်ပွဲမှာ မာဒူရိုက သုံးကြိမ် မြောက် ခြောက်နှစ် သက်တမ်း အတွက် အနိုင် ရရှိခဲ့တာပါ။

နိုင်ငံတကာ က ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု မရှိ ဘူးဆိုပြီး ပယ်ချခဲ့ကာ ဗင်နီဇွဲလာ နိုင်ငံတဝန်းတွင် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။သူမကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရပေမယ့် မာချာဒို ဟာ အတိုက်အခံတွေကို အစားထိုးဝင်ရောက်ခဲ့တဲ့ အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ် (Edmundo González) ကို ထောက်ခံဖို့ စည်းရုံးခဲ့ပါတယ်။အစိုးရ ထိန်းချုပ်ထားတဲ့ အမျိုးသားရွေး ကောက်ပွဲကောင်စီက မာဒူရိုကို အနိုင်ရသူ အဖြစ် ကြေညာခဲ့ပေမယ့်လည်း မဲရုံတွေက မဲစာရင်းတွေအရ ဂွန်ဇာလက်ဇ် ဟာ အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း ပြသခဲ့ပါတယ်။မာဒူရိုအစိုးရက သူမကို ဖမ်းဆီးမယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက် နေသော်ပေမယ့်လည်း မာချာဒို ဟာ ပုန်းအောင်းရာကနေ ဆက်လက် စည်းရုံးလှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။မာချာဒို ကာ အခုလို ဆုရတဲ့အတွက် တုန်လှုပ်အံ့ဩကြောင်း ဖော်ပြခဲ့ပြီး၊ ဒီဆုဟာ “လူ့အဖွဲ့အစည်းတခုလုံးရဲ့ အောင်မြင်မှု” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်မက လူတဦးသာ ဖြစ်ပါတယ်… ဒီဆုကို ကျွန်မ သေချာပေါက် မထိုက်တန်ပါဘူး” လို့ သူမက ဗီဒီယို မက်ဆေ့ခ်ျတခုမှာ ပြောကြားခဲ့ပါ တယ်။နိုဘဲလ်ကော်မတီ ရဲ့ အဆိုအရ အခုနှစ် ငြိမ်းချမ်းရေးဆု အတွက် ကိုယ်စားလှယ်လောင်း ၃၃၈ ဦး အမည်စာရင်း တင်သွင်းခံရ ပေမယ့် အစဉ်အလာအရ အမည်စာရင်း တင်သွင်းခံရသူတွေရဲ့ နာမည်ကို နှစ် ၅၀ ကြာသည် အထိ ထုတ်ဖော်မှာ မဟုတ်ပါ။

နိုဘဲလ်ဥက္ကဋ္ဌ Jørgen Watne Frydnes က “ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို အဲလ်ဖရက် နိုဘယ်လ်ရဲ့ လုပ်ဆောင်ချက်နဲ့ ဆန္ဒ အပေါ်မှာသာ အခြေခံပါတယ်” လို့ ပြောကြားခဲ့ပါတယ်။မာချာဒိုဟာ နိုဘဲလ်ဆုအတွက် သတ်မှတ်ထားတဲ့ “စံနှုန်းများအားလုံး” နှင့် ကိုက်ညီကြောင်း “အနာဂတ်အတွက် မျှော်လင့်ချက်ကို ပုံဖော်သူ” ဖြစ်ကြောင်း Frydnes က ထပ်လောင်း ပြောကြားသွားပါတယ်။

ကဏ္ဍခြောက်ခု ခွဲထားတဲ့ နိုဘယ်လ်ဆုကို “လူသားမျိုးနွယ်အပေါ် အကြီးမားဆုံး အကျိုးကျေးဇူး” ပေးစွမ်းခဲ့တဲ့ ပုဂ္ဂိုလ်တွေ သို့မဟုတ် အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ကို ဂုဏ်ပြု ချီးမြှင့်တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *