မေလ ၁၂ – ၂၀၂၆
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရှီကျင်ပင်း နဲ့ တွေ့ဆုံဖို့ အတွက် အခု သီတင်းပတ်အတွင်း တရုတ်နိုင်ငံကို သွားရောက်မယ် ဆိုတာကို ဘေကျင်း ဘက်က အတည်ပြုလိုက်ပါတယ်။
မနက်ဖြန် မေလ ၁၃ ရက် ကနေ ၁၅ ရက် အထိ ကြာမြင့်မယ့် ဒီခရီးစဉ်ဟာ ဆယ်စုနှစ် တခုနီးပါးအတွင်း အမေရိကန်သမ္မတ တဦးရဲ့ ပထမဆုံး တရုတ် ခရီးစဉ်ဖြစ်သလို ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံကြီး နှစ်ခုကြား ဆက်ဆံရေး အတွက် အလွန်အရေးပါတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။
ထရမ့်နဲ့ အတူ Boeing၊ Citigroup နဲ့ Qualcomm တို့လို အမေရိကန်ရဲ့ အကြီးဆုံး ကုမ္ပဏီတချို့က အမှုဆောင် အရာရှိတွေဟာ တရုတ်ကုမ္ပဏီ တွေနဲ့ သဘောတူညီမှုတွေ ရရှိဖို့ အတွက် ထရမ့်နဲ့အတူ လိုက်ပါ သွားမယ်လို့ မျှော်လင့်ရပါတယ်။
ဒါဟာ ဝါရှင်တန်နဲ့ ပေကျင်းကြားက ထိလွယ်ရှလွယ် ဖြစ်နေတဲ့ ကုန်သွယ်ရေး အပစ်ရပ်စဲမှု အတွက် အဓိကကျတဲ့ စမ်းသပ်ချက် တခုလည်း ဖြစ်လာမှာပါ။
၂၀၂၅ ခုနှစ် ဧပြီလမှာ ထရမ့်ဟာ ကမ္ဘာတဝန်း နိုင်ငံတွေ အပေါ် အကြီး အကျယ် သွင်းကုန်ခွန်တွေ စည်းကြပ်ခဲ့ ပါတယ်။
အဲဒီမူဝါဒရဲ့ အဓိက ရလဒ်ကတော့ အမေရိကန်နဲ့ တရုတ်ကြားမှာ အပြန် အလှန် အခွန်တိုးမြှင့်တဲ့ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားခဲ့ပြီး အခွန်နှုန်းထား တွေဟာ ၁၀၀ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက တောင်ကိုရီးယားမှာ ထရမ့်နဲ့ ရှီတို့ လူချင်း တွေ့ဆုံပြီး နောက်မှာတော့ အဲဒီ အခွန်နှုန်းထားတွေကို ခေတ္တရပ်ဆိုင်းခဲ့ ပါတယ်။
ဒါပေမဲ့ နှစ်ဘက်စလုံးကနေ ခြိမ်းခြောက်မှုတွေ ကတော့ ဆက်ရှိနေဆဲပါ။
–
#အခုအကြိမ်မှာ ဘာတွေ ဆွေးနွေးကြမလဲ
မနှစ်က အခွန်ဆိုင်ရာ အပစ်ရပ်စဲမှု သဘောတူခဲ့ပေမဲ့ ဒီပဋိပက္ခ အတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ကတော့ ခုထက်ထိ မရသေးပါဘူး။
တရုတ်နိုင်ငံဟာ ကုန်ထုတ်လုပ်မှုမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ထားတာ ကြောင့် ပြည်တွင်းသုံးစွဲမှု အားနည်းနေသမျှ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ပြည်ပကို ရောင်းဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူးလို့ ဟောင်ကောင် တက္ကသိုလ် က စီးပွားရေးပညာရှင် Tang Heiwai က ဆိုပါတယ်။
“သူတို့အတွက် အမေရိကန်က လိုအပ်ပါတယ်။ သူတို့လောက် ကြီးမားတဲ့ စားသုံးသူ ဈေးကွက်မျိုး ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိပါဘူး” လို့ Tang က ပြောပါတယ်။
ဒါပေမဲ့လည်း ဘေကျင်းဟာ အခု တွေ့ဆုံပွဲကို အားသာချက်တခုနဲ့ တက်ရောက် မှာပါ။
အမေရိကန်နဲ့ ဆက်ဆံရေး အားနည်းနေတဲ့အချိန် တရုတ်ဟာ ကမ္ဘာတဝန်း မှာ ကုန်သွယ် ဘက်သစ်တွေ ရှာဖွေနိုင်ခဲ့တာကြောင့် သူတို့ရဲ့ ပို့ကုန် ကိန်းဂဏန်း တွေဟာ စံချိန်တင် မြင့်တက်နေပါတယ်။
ဒါ့အပြင် ဘေကျင်းဟာ စစ်ရုပ် နည်းပညာမှာ ဆက်လက်ပြီး အကြီး အကျယ် ရင်းနှီးမြှုပ်နှံ နေသလို၊ Nvidia လို အနောက်နိုင်ငံ ကုမ္ပဏီတွေ အပေါ် မှီခိုနေရတာကို လျှော့ချဖို့အတွက် ကိုယ်ပိုင် အဆင့်မြင့် ချစ်ပ်ပြား တွေ ထုတ်လုပ်ဖို့လည်း ကြိုးစားနေပါတယ်။
ထရမ့်အစိုးရ ဘက်ကတော့ ပဲပုပ်နဲ့ လေယာဉ် အစိတ်အပိုင်းတွေလို အရေးကြီးတဲ့ အမေရိကန် လုပ်ငန်းတွေ ဆီကနေ ကုန်ပစ္စည်းတွေ ပိုဝယ်ဖို့ ဘေကျင်းကို ဖိအားပေးဖို့ ရှိပါတယ်။
ဒါပေမဲ့လည်း ဒီခရီးစဉ်ဟာ ထရမ့်ရဲ့ အခွန် စည်းကြပ်မှု တွေကို အမေရိကန် တရားရုံးချုပ်က ပယ်ချလိုက်ပြီးနောက် ထရမ့်ရဲ့ ကုန်သွယ်ရေး မူဝါဒတွေ အခက်တွေ့နေတဲ့ အချိန်မှာ ဖြစ်ပေါ် လာတာပါ။
သူဟာ တခြား ဥပဒေ တခုကို သုံးပြီး နိုင်ငံအားလုံး အပေါ် ယာယီ ၁၀ ရာခိုင်နှုန်း အခွန်ကောက်ဖို့ လုပ်နေသလို၊ မတရားတဲ့ ကုန်သွယ်မှုတွေ လုပ်နေတယ် ဆိုပြီး တရုတ်နဲ့ တခြားနိုင်ငံတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကတင် အမေရိကန် ကုန်သွယ်ရေး တရားရုံးက နောက်ဆုံး ကောက်ခံတဲ့ ကမ္ဘာလုံးဆိုင်ရာ အခွန်တွေဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် ရှေ့မှာ တရားရင်ဆိုင်ရမှုတွေ ရှိလာနိုင်ပါတယ်။
–
#အီရန်အရေးကရော ဘယ်လိုရှိမလဲ
——————————–
ထရမ့်နဲ့ ရှီတို့ရဲ့ တွေ့ဆုံမှုမှာ အီရန်စစ်ပွဲ အရေးဟာ ကြီးကြီးမားမား ပါဝင်လာမှာ သေချာပါတယ်။
ရေနံအမြောက်အမြားရှိပြီး စွမ်းအင်အရင်း အမြစ် စုံလင်တဲ့ တရုတ်နိုင်ငံ ဟာ အခုထိတော့ အီရန်စစ်ပွဲရဲ့ဒဏ်ကို သူ့အိမ်နီးချင်း နိုင်ငံတွေထက် ပိုပြီး ခံနိုင်ရည် ရှိနေပုံရပါတယ်။
တရုတ်ဟာ ရေနံအဓိက ထုတ်လုပ်တဲ့ နိုင်ငံဖြစ်သလို၊ တင်သွင်းတဲ့ ရေနံ အများစု ကလည်း ရုရှားက လာတာပါ။
ဘေကျင်းဟာ အီရန်ရဲ့ အကြီးဆုံး ရေနံဝယ်သူ ဖြစ်နေပေမဲ့လည်း ဒီအချက် တွေက စစ်ပွဲရဲ့ဒဏ်ကို သက်သာစေပါတယ်။
ဒါပေမဲ့ စစ်ပွဲက ကြာလာတာနဲ့ အမျှ တရုတ်စီးပွားရေးကို စမ်းသပ် လာနေတဲ့ လက္ခဏာတွေ ရှိနေကာ တရုတ်အရာရှိကြီးတွေ ကတော့ စွမ်းအင်လုံခြုံရေးနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေကို ကာကွယ်ဖို့ ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမယ်လို့ ကတိပြုထားကြောင်း မူဝါဒဆန်းစစ်သူ Lyle Morris က ဆိုပါတယ်။
ဒါကြောင့် ဘေကျင်းရော ဝါရှင်တန်ပါ ဒီပဋိပက္ခကို အဆုံးသတ်ချင်တဲ့ ဆန္ဒရှိနိုင်ပေမဲ့ အီရန် အပေါ်ထားရှိတဲ့ သူတို့ရဲ့ အမြင်တွေ ကတော့ အကြီးအကျယ် ကွဲပြားနေပါတယ်။
ဒါကို သူတို့ ဘယ်လိုကျော်လွှားမလဲ၊ ကျော်လွှားနိုင်ပါ့မလားဆိုတာကို ကမ္ဘာက စောင့်ကြည့်နေပါလိမ့်မယ်။
ref: bbc
—————————
THN Public Media
