ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ နှစ်ပေါင်း ၃၀၀ အတွင်း အဆိုးဝါးဆုံးနဲ့ မိုးရေချိန် အများဆုံး ရွာသွန်း ခဲ့ရာ တရက်တည်း အများဆုံး ၃၃၅ မီလီမီတာ (၁၃ လက္မကျော်) အထိ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ တခြားဒေသတွေမှာလည်း စံချိန်တင် ရေကြီးမှုတွေ ရင်ဆိုင် နေရကာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် စစ်သင်္ဘောတွေ ရဟတ်ယာဉ်တွေကို အာဏာပိုင် တွေက တာဝန်ချထားပေးခဲ့ပါတယ်။
မြို့ထဲမှာ ယာဉ်တွေ အိမ်တွေ ရေမြုပ်နေပြီး အကူအညီမဲ့နေတဲ့ ဒေသခံတွေ ဟာလည်း သူတို့ အိမ်ခေါင်မိုးတွေ ကနေ ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြရပါတယ်။
မရပ်မနား မိုးရွာသွန်းမှုတွေဟာ ဗီယက်နမ်မှာလည်း ရှိခဲ့ပြီး အဲဒီမှာ တပတ်အတွင်း သေဆုံးသူ ၉၁ ဦးအထိ တိုးလာခဲ့ကာ၊ မလေးရှားမှာတော့ လူပေါင်း ၁၉၀၀၀ ကျော် နေအိမ်တွေကနေ ဘေးလွတ်ရာ ပြောင်းခဲ့ကြရ ပါတယ်။
ထိုင်းနိုင်ငံမှာ လူပေါင်း ၂ သန်းကျော် ရေကြီးမှုဒဏ်ကို ခံစားခဲ့ရ ပေမယ့် လူ ၁၃၀၀၀ သာ ရေဘေးစခန်း နေရာတွေကို ပြောင်းရွှေ့ ခဲ့ရပါတယ်။
အများစုဟာ အကူအညီရဖို့ အတွက် ခက်ခဲပြီး ပြင်ပနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။
ထိုင်းစစ်တပ် ကနေ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ စစ်သင်္ဘော တစ်စီး နဲ့ လှေ ၁၄ စီးအပြင်၊ တစ်နေ့ကို အနပ် ၃၀၀၀ စာ ထောက်ပံ့ နိုင်တဲ့ စစ်မြေပြင် မီးဖိုချောင်တွေကိုပါ ပို့ဆောင်ဖို့ ပြင်ဆင် နေကြောင်း ပြောပါတယ်။
လေယာဉ်တင် သင်္ဘောပေါ်ရှိ ဆေးဘက် ဆိုင်ရာအဖွဲ့တွေဟာ လိုအပ် ပါက “ရေပေါ်ဆေးရုံ” အဖြစ် ပြောင်းလဲ အသုံးပြုမယ်လို့ ရေတပ်က ပြောပါတယ်။
ဟတ်ယိုင်မြို့တည်ရှိရာ စုန်ခလာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေသခံ တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အတွက် လှေတွေ၊ ကုန်တင်ကား အမြင့်တွေနဲ့ ရေမှာပြေးတဲ့ ဂျက်စကီး တွေကို ချပေးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်း အစိုးရက စုန်ခလာကို ဘေးအန္တရာယ်ဇုန် အဖြစ် အင်္ဂါနေ့က ကြေညာခဲ့ပြီး ကယ်ဆယ်ရေး ရန်ပုံငွေတွေကို ထုတ်ပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း လူအများအပြားဟာ ရေတက်လာနေတဲ့ကြားမှာ ပိတ်မိ နေဆဲဖြစ်ပါတယ်။
စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့ဖြစ်တဲ့ Matchima Rescue Center က ပြီးခဲ့တဲ့ သုံးရက် အတွင်း ဖုန်းခေါ်ဆိုမှု ထောင်ပေါင်း များစွာ ရရှိခဲ့ပြီး ဖုန်းခေါ်သူတွေက သူတို့ကို ကယ်ထုတ်ပေးဖို့ တောင်းဆို ခဲ့ကြတယ်လို့ ပြောပြပါတယ်။
Matchima ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာလည်း အရေးပေါ် အကူအညီ တောင်းဆိုတဲ့ ပို့စ်တွေ တင်ခဲ့ကြပါတယ်။
“လူတော်တော်များများ ပိတ်မိနေတယ်… ကျေးဇူးပြုပြီး ကူညီပေးပါ” လို့ ရေးခဲ့သူ ရှိသလို “အခု အခြေအနေက အရမ်းခက်နေပြီ။ ရေက ဒုတိယ ထပ်အထိ ရောက်နေပြီ၊ အဲဒီမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဖျားနာသူတွေနဲ့ မသန်စွမ်းသူတွေ ရှိတယ်” လို့လည်း ရေးသားခဲ့ကြ ပါတယ်။
နောက်တဦးက သူတို့ အိမ်ထောင်စုဟာ သုံးရက်ကြာ အကူအညီကို စောင့်ဆိုင်းနေရကြောင်း ရေးသားခဲ့ပါတယ်။ “အခုတော့ စက္ကန့်တိုင်းက အရေးကြီးနေပြီ… ကျေးဇူးပြုပြီး မျှဝေပေးပါ။ ကျွန်တော့် [ဖုန်း] ဘက်ထရီက ၄၀% ပဲ ရှိတော့တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ရေးထားပါတယ်။
တချို့ကလည်း ရက်ပေါင်းများစွာ အစာရေစာ မရှိဘဲ နေခဲ့ရကြောင်း ရေးသားခဲ့ကြပါတယ်။
မလေးရှားမှာတော့ တွင် လူပေါင်း ၁၉၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ခဲ့ပြီး ကယ်ဆယ်ရေး စခန်း ၁၂၆ ခုကို မြောက်ပိုင်း နယ်စပ် ဒေသတွေမှာ ဖွင့်ခဲ့ပါတယ်။
ref: bbc
—————————
THN Public Media
–
