ဧပြီ ၁၈ – ၂၀၂၆
ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံစလုံးမှာ အစိုးရ အဖွဲ့သစ်တွေ ဖွဲ့စည်းပြီးစီးသွားပြီ ဖြစ်တဲ့ အတွက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာဖို့အတွက် ထိုင်းဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ဟာ လာမယ့် သီတင်းပတ်ထဲမှာ နေပြည်တော်ကို သွားရောက်ဖို့ ရှိနေတယ်လို့ Thai PBS သတင်းမှာ ဖေါ်ပြထားပါတယ်။
သူ့ရဲ့ ခရီးစဉ်ဟာ သင်္ကြန်အပြီး မြန်မာနှစ်ဆန်းမှာ သမ္မတ ဦးမင်းအောင်လှိုင်က ချီးမြှင့်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အရ အရင်သမ္မတ ဦးဝင်းမြင့် ကို ပြန်လွှတ်ပေးပြီး နိုင်ငံတော် အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ ပေးလိုက်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာပါ။
ဒါ့အပြင် အကျဉ်းသား ၄၃၃၅ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ တယ်လို့ သိရပါတယ်။
Sihasak Phuangketkeow ဟာ ဧပြီလ ၂၂ ရက်နေ့မှာ နေပြည်တော်ရှိ အစိုးရ အဖွဲ့သစ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်တွေ အပြင် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်က ဆိုပါ တယ်။
လတ်တလော ရွေးကောက်ပွဲအပြီး စစ်အုပ်ချုပ်ရေး ကနေ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရအဖွဲ့ဆီ ကူးပြောင်းလာတဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့ ပထမဆုံး အာဆီယံခေါင်းဆောင်ဟာ Sihasak ဖြစ်လာ မှာပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သမ္မတရာထူးကို ရယူ ထားလိုက် ပြီ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ အာဆီယံဟာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက် ခွင့် ပိတ်ပင်ထားခဲ့တာပါ။
အာဆီယံအဖွဲ့ကြီးဟာ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ နေပြည်တော် အစိုးရကို အမြဲတမ်း တိုက်တွန်းနေခဲ့တာ ဖြစ်ပါတယ်။
အာဆီယံအနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုသေးပါဘူး။
ဒါပေမဲ့ Sihasak ရဲ့ ခရီးစဉ်ဟာ ထိုင်းနိုင်ငံဘက်က အစိုးရသစ်ကို တရားဝင် အသိအမှတ်ပြုလိုက်သလိုမျိုး ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။
Crd – Thai PBS World
—————————
THN Public Media
