ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာဝီရာကူလ် ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ အတွက် ထိုင်းနိုင်ငံ အနေနဲ့ သီးခြား လွတ်လပ်စွာ လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ပြောကြားရင်း အချက် လေးချက်ပါ ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး ကြေညာချက်ကို ပျက်ပြယ်ပြီ လို့ ကြေညာ လိုက်ပါတယ်။
နိုဝင်ဘာလ ၁၁ ရက်ရက်နေ့က စီဆာခက်ပြည်နယ် ရှေ့တန်း စစ်စခန်း တခုမှာ ဝန်ကြီးချုပ် အနုတင် က ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီချက် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း၊ အချက်လေးချက်ပါ ကြေညာချက် ကနေ ထိုင်းနိုင်ငံ နုတ်ထွက် ကြောင်းနဲ့ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ကို အခိုင်အမာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ထိုင်းနိုင်ငံဟာ ကျွန်တော်တို့ ပိုင်တယ်။ ကျွန်တော် အခု ရပ်နေတဲ့ နေရာဟာ ထိုင်းမြေပါ။ ဘယ်သူကမှ အချုပ်အခြာ အာဏာကို တောင်းဆိုလို့ မရဘူး။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ။ အခုက စပြီး ထိုင်းနိုင်ငံဟာ ဘယ်သူ့ကိုမှ တိုင်ပင်ခြင်း သို့မဟုတ် ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ထိုင်းနိုင်ငံ အတွက် အကျိုးရှိမယ့် အရာကို လုပ်ဆောင် သွားမယ်” လို့ အနုတင်က ပြတ်ပြတ်သားသား ပြောကြားခဲ့ တာပါ။
“ကျွန်တော် ကိုယ်တိုင် တွေ့ခဲ့ ရတယ်။ မိုင်းလေးလုံးပါ။ ကျွန်တော်တို့ စစ်သား နင်းမိလို့ ပေါက်ကွဲ သွားတဲ့ တလုံးကို ဖယ်လိုက်ရင် မိုင်းသုံးလုံး၊ ဒီ သုံးလုံးဟာ သဘောတူညီချက် လက်မှတ် ထိုးပြီး နောက်ပိုင်း ထိုင်းမြေ ပေါ်မှာ အသစ်မြှုပ်ထားတာ ဖြစ်တယ်။ ကမ္ဘောဒီးယားဟာ သူတို့ ကတိပြုခဲ့ တာကို ချိုးဖောက်ခဲ့ပြီ” လို့ အနုတင်က ပြောပါတယ်။
ထိုင်းနိုင်ငံဟာ အာဆီယံနဲ့ ကမ္ဘာကြီးကို သက်သေထားပြီး ကမ္ဘောဒီးယား က လိုက်နာမယ်လို့ ယုံကြည်ကာ သည်းခံခဲ့ကြောင်း၊ “ဒါပေမဲ့ အခုတော့ ဆန့်ကျင်ဘက် ဖြစ်နေတာ သက်သေပြလိုက်ပြီ။ ဘယ်သဘောတူညီချက် မှ မရှိတော့ဘူး။ ထိုင်းနိုင်ငံက လုပ်သင့်တာကို လုပ်ဆောင်သွားမှာပါ” လို့လည်း ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ပူးတွဲ ကြေညာချက်ပါ အချက်လေးချက်ကို လိုက်နာတော့ မှာ မဟုတ်ဘဲ၊ အစိုးရ အနေနဲ့ နိုင်ငံတော်လုံခြုံရေး စစ်ရေး လုပ်ငန်းများကို အပြည့်အဝ ထောက်ခံ ပံ့ပိုးပေးသွားမယ်လို့ အနုတင်က အလေးပေး ပြောကြားခဲ့ ပါတယ်။
ထိုင်းတော်ဝင် ကြည်းတပ်နဲ့ လုပ်ငန်း လည်ပတ်ရေး အစီအစဉ်တွေကို ဆွေးနွေးထားပြီး ကာကွယ်ရေး ဝန်ကြီး ဌာနကိုလည်း လုပ်ထုံးလုပ်နည်း တွေ အသိပေးထားကြောင်း အတည်ပြုခဲ့ပါတယ်။
မလေးရှား ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အဆိုပြုချက် အပေါ် မေးမြန်းရာမှာ “ဘာကို ပြန်စရမှာလဲ။ သဘောတူညီချက် က ပြီးဆုံးသွားပြီ” လို့ ဝန်ကြီးချုပ်က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
သဘောတူညီချက်မှာ သက်သေဖြစ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ကို ထိုင်းနိုင်ငံက အစီရင်ခံရန် လိုအပ်ပါသလားလို့ မေးမြန်းရာမှာ အနုတင် က အဲဒီ အကြံကို ပယ်ချခဲ့ပါတယ်။
“ဘယ်သူ့ကို အစီရင်ခံရမှာလဲ။ ကျွန်တော်တို့က အချုပ်အခြာ အာဏာပိုင် နိုင်ငံပါ။ ဘယ်သူ့ကိုမှ အစီရင်ခံဖို့ မလိုဘူး။ မေးလာရင်တော့ သံအမတ် တဦး အနေနဲ့ သင့်တော်သလို တုံ့ပြန်ပေးပါမယ်။ ဒါမှ မဟုတ်ရင်တော့ ကျွန်တော်တို့ ရှင်းပြစရာမလိုပါဘူး။”
ကာကွယ်ရေးဝန်ကြီးဌာန၊ ထိုင်းကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းတော်ဝင် ကြည်းတပ် ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော်ဒေသ တို့အား နိုင်ငံကို ကာကွယ်ဖို့ အစိုးရရဲ့ အာဏာကို အပြည့်အဝ ပေးအပ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။
—————————
THN Public Media
