နိုင်ငံတကာ

ဒေါ်နယ်ထရမ့်ရဲ့ New World Order တကယ် ဖြစ်လာ၊ ဥရောပက လိုက်လျောညီထွေ ဖြစ်အောင် အလျင်အမြန် ဆောင်ရွက်နေ (အထူးဆောင်းပါး)

ဖေဖေါ်ဝါရီ ၁၇ – ၂၀၂၆

ဂျာမနီနိုင်ငံ မြူးနစ်မြို့လယ်ခေါင်ဆိုတာ ခေတ်မီဆန်းသစ်တဲ့ ဆိုင်တွေနဲ့ ပြိုင်ကား အမိုက်စားတွေကြောင့် နာမည်ကျော်တာပါ၊ ဒါပေမဲ့ အခုအချိန် မှာတော့ မြို့ရဲ့လမ်းမတွေပေါ်မှာ မျိုးဆက်သစ် ဒရုန်းတွေကို ကြော်ငြာ ထားတဲ့ ပိုစတာတွေ အပြည့်ဖြစ်နေတာကို တွေ့ရပါတယ်။

မြို့ရဲ့ နာမည်ကြီး လမ်းမပေါ်က ငြမ်းတွေဆင်ထားတဲ့ ဘုရားကျောင်း တခုမှာ “ဥရောပရဲ့ လုံခြုံရေးကို တည်ဆောက်နေသည်” ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ ဆွဲဆောင်မှုရှိတဲ့ အဖြူအမည်း ဓာတ်ပုံတွေကို ချိတ်ဆွဲထားတာ ဖြစ်ပါတယ်။

အရှေ့ဘက်မှာ နယ်မြေချဲ့ချင်တဲ့ ရုရှားနဲ့ စီးပွားရေး အရ ရန်လိုတဲ့ တရုတ်၊ အနောက်ဘက် မှာတော့ ခန့်မှန်းရခက်လာတဲ့ အရင်က အရင်းနှီးဆုံး မိတ်ဆွေ အမေရိကန်ပြည်ထောင်စုတို့ အကြား ကြားညှပ်နေသလို ရှိနေ ပါတယ်။

ဂျာမနီ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးရုံးက အရေးပေါ် အခြေအနေအတွက် အိမ်မှာ စားနပ်ရိက္ခာ ၃ ရက် ကနေ ၁၀ ရက်စာ အထိ စုဆောင်းထားဖို့ကိုလည်း အကြံပြုထားတာ ဖြစ်ပါတယ်။

အီးယူ ဥရောပ သမဂ္ဂ အနေနဲ့ အမေရိကန်နဲ့ ရှိထားတဲ့ အစဥ်အလာ မဟာမိတ် ဆက်ဆံရေးက လုံလောက်မှာလား၊ ဒါမှမဟုတ် သြစတြေးလျ၊ တောင်ကိုရီးယား ဂျပန်တို့လို စိတ်တူကိုယ်တူ ရှိတဲ့ နိုင်ငံတွေနဲ့ မဟာမိတ် အသစ်တွေ ထပ်ဖွဲ့သင့်လားဆိုတာ ဥရောပနိုင်ငံတွေ အတွက် မေးခွန်း ထုတ်စရာ ဖြစ်လာနေပါတယ်။

#မရေရာတဲ့ ဆက်ဆံရေးများ

—————————–

၂၀၂၉ ရောက်ရင် ဂျာမနီရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ဗြိတိန်နဲ့ ပြင်သစ် နှစ်နိုင်ငံပေါင်း ထက်တောင် ပိုများလိမ့်မယ်လို့ နေတိုး အထွေထွေ အတွင်းရေးမှူးချုပ် Mark Rutte က ပြောပါတယ်။

ဂျာမဏီက သုံးစွဲမယ့် ယူရို ၁၅၀ ဘီလီယံဆိုတာ တကယ့်ကို တုန်လှုပ် စရာကောင်းတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါကို အမေရိကန်ကလည်း သတိပြုမိ သလို အသိအမှတ်ပြုပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ဥရောပအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ် ပိုတာဝန်ယူဖို့ တောင်းဆိုတဲ့ ပထမဆုံး အမေရိကန် သမ္မတ မဟုတ်ပေမဲ့ သူ့ရဲ့ လေသံ ကတော့ အရင် သမ္မတတွေ ထက်စာရင် သိသိသာသာ ပိုပြီး ခြိမ်းခြောက် တဲ့ ပုံစံ ပေါက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြူးနစ်လုံခြုံရေးညီလာခံ MSC မှာ လူတွေ အမျှော်လင့် ဆုံးနဲ့ အစိုးရိမ်ဆုံးဖြစ်ရတဲ့ မိန့်ခွန်းကတော့ ထရမ့်အစိုးရကို ကိုယ်စားပြုတက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ မိန့်ခွန်းပဲ ဖြစ်ပါတယ်။

ဥရောပခေါင်းဆောင်တွေနဲ့ ထိပ်တန်း သံတမန်တွေဟာ တကယ့်ကို ရင်တမမနဲ့ စောင့်ကြည့်ခဲ့ကြတာပါ။

ရူဘီယိုရဲ့ မိနစ် ၃၀ စာ မိန့်ခွန်းတိုလေးကို ဘာကြောင့် ဒီလောက်အထိ အလေးထားနေရတာလဲ ဆိုရင် ဒုတိယကမ္ဘာစစ်ပြီး ကတည်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ အတွင်းမှာ ဥရောပ-အမေရိကန် ဆက်ဆံရေးဟာ အခုလောက် အထိ မပြိုကွဲဖူးလို့ပါ။

#ဒေါသထွက်နေဆဲ ဒိန်းမတ်

————————-

ထရမ့် ဒီတခေါက် အိမ်ဖြူတော် ပြန်ရောက်ပြီး ၁၂ လ ကျော်မှာ နေတိုး မဟာမိတ်ဖြစ်တဲ့ ဒိန်းမတ်ပိုင် ဂရင်းလန်းကို အင်အားသုံး သိမ်းယူဖို့ အထိ ဝန်မလေးကြောင်း ခြိမ်းခြောက်ပြီး ဒိန်းမတ်ရဲ့ အချုပ်အခြာ အာဏာကို စော်ကားခဲ့ပါတယ်။

လုံခြုံရေး ညီလာခံမှာ ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က ဂရင်းလန်းကို လိုချင်တဲ့ ထရမ့်ရဲ့ အစီအစဉ်ဟာ အရင်အတိုင်း မပြောင်းလဲ သေးဘူးလို့ ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။

ထရမ့်ဟာ လောလောဆယ်မှာတော့ စစ်ရေးအရ သိမ်းယူမယ့်ကိစ္စကို ပယ်ချထား သလို မဟာမိတ်တွေ အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဖို့ ကိုလည်း ခေတ္တဆိုင်းငံ့ထားပါတယ်။

ဥရောပနိုင်ငံတွေ ကတော့ ထရမ့်ကို သူလိုချင်တာရဖို့ဆိုရင် အရင်းနှီးဆုံး မဟာမိတ်တွေရဲ့ လုံခြုံရေးကို အသုံးချဖို့ ဝန်မလေးတဲ့ သမ္မတအဖြစ် မြင်နေကြတာ ဖြစ်ပါတယ်။

အမှန်တော့ ဥရောပဟာ ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်ရဲ့ အကာ အကွယ် အောက်မှာ သာသာယာယာ နေလာခဲ့တာပါ။

ဝါရှင်တန်က လုံခြုံရေးစရိတ်တွေ စိုက်ထုတ်ပေးနေချိန်မှာ ဥရောပ နိုင်ငံတွေ ကတော့ သူတို့နိုင်ငံသားတွေအတွက် လူမှုဖူလုံရေးတွေကိုပဲ အလန်းစား လုပ်နေကြတာလို့ အမေရိကန် ဘက်က ဝေဖန်ပါတယ်။

ဒါပေမဲ့ ဂရင်းလန်းကိစ္စနဲ့ ထရမ့် အစိုးရရဲ့ တခြားလုပ်ရပ်တွေဟာ ဥရောပ သားတွေကို နက်ရှိုင်းတဲ့ ဒဏ်ရာတွေနဲ့ မယုံကြည်မှုတွေကို ဖြစ်စေခဲ့ ပါတယ်။

ဒါကြောင့်လည်း ရူဘီယို စင်ပေါ်တက်ခါနီးမှာ အားလုံးက ရင်တထိတ်ထိတ် ဖြစ်နေကြတာပါ။

နောက်ဆုံးတော့ ရူဘီယိုရဲ့ စကားလုံးတွေက သမိုင်းဝင် ဆွေမျိုးသားချင်း စိတ်ဓာတ် တွေနဲ့ နွေးထွေးမှု ရှိနေတာ ကိုကြားခဲ့ရပါတယ်။

ဥရောပကို အင်အားတောင့်တင်း စေချင်ပြီး နှစ်ဖက်စလုံးရဲ့ ကံကြမ္မာဟာ အမြဲတမ်း ယှက်နွယ်နေမှာပါလို့ သူက ဆိုပါတယ်။

ဒီလို နွေးထွေးတဲ့ စကားလုံးတွေကြောင့် ဥရောပ ခေါင်းဆောာင် တွေဟာ အားတက်သွားပြီး မတ်တပ်ရပ် လက်ခုပ်တီးခဲ့ကြပါတယ်။

ဒါပေမဲ့ သေသေချာချာ နားထောင်ကြည့်ရင်တော့ ရူဘီယို ပြောသွားတာ က ရှင်းပါတယ်၊ အမေရိကန်ဟာ အရင်အခြေအနေ ဟောင်းတွေကိုပဲ ဖက်တွယ်နေတဲ့ မဟာမိတ်တွေကို စိတ်မဝင်စားဘဲ စံတန်ဖိုးချင်း တူမှသာ လက်တွဲမယ်လို့ ဆိုပါတယ်။

ဒီကမ်းလှမ်းချက်ဟာ အလျှော့အတင်းလုပ်မယ့်ပုံ မပေါ်ဘဲ ငါတို့ကြားမှာ အဆင်ပြေချင်ရင် ငါပြောသလို လုပ်ရမယ်လို့ ခြိမ်းခြောက် လိုက်တာမျိုး ဖြစ်ကြောင်း ဥရောပ သံတမန်တဦးက မှတ်ချက်ပေး ပြောဆိုပါတယ်။

#ပျက်စီးလွယ်မယ့် ဆက်ဆံရေးသစ်

————————-

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ရူဘီယိုရဲ့ စကားလုံးတွေဟာ ပျော့ပြောင်းနေပေမယ့် အမေရိကန်နဲ့ ဆက်ဆံရေးဟာ အခုအချိန်မှာ ပျက်စီးလွယ်တဲ့ အခြေအနေကို ရောက်ရှိနေပြီ ဆိုပြီး အလေးပေး ပြောကြားခဲ့ပါတယ်။

(အမေရိကန်ဟာ) ‘’မကျော်ရမယ့် စည်းတချို့ကို ကျော်သွားခဲ့ပါပြီ… ဥရောပသားတွေဟာ တကယ့်ကို တုန်လှုပ် စရာကောင်းတဲ့ ကုထုံးကို ခံစားနေရပြီ’’ လို့ ပြောသွားခဲ့တာပါ။

ဥရောပအနေနဲ့ အချိန်မဆိုင်းဘဲ အာရုံစိုက်လုပ်ဆောင်ဖို့ လိုကြောင်း နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မယ့် ကာကွယ်ရေးစွမ်းရည်တွေ ရှိလာဖို့ နောက်ထပ် ၅ နှစ် ကနေ ၁၀ နှစ်အထိပဲ အချိန်ရတော့မယ်လို့ သူမက သတိပေးသွားပါတယ်။

အနောက်နိုင်ငံတွေကို ဗဟိုပြုတဲ့ ကမ္ဘာ့အစီအစဉ်ဟောင်း ကတော့ ပျက်ပြယ်သွားပြီဖြစ်ပေမယ့် ဥရောပနဲ့ အမေရိကန်တို့ နောက်ထပ် ခြေလှမ်းမှာ ဘယ်လို ဖြစ်မလာမလဲဆိုတာ မရေမရာ ရှိနေဆဲပါ။

အခုဆိုရင် ကမ္ဘာကြီးဟာ အင်အားကြီး နိုင်ငံတွေရဲ့ နိုင်ငံရေး ကစားကွက် အတိုင်း ကနေရသလို ဖြစ်နေတာပါ။ ဒါကြောင့် ဥရောပတောင်မှ အခြေအနေနဲ့ အညီ လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင် ပြောင်းလဲ နေရပြီ ဖြစ်ပါတယ်။

Ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *