မေလ ၆ – ၂၀၂၆
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို နေအိမ် အကျယ်ချုပ်နဲ့ ကျခံဖို့ အာဏာပိုင်တွေက ခွင့်ပြုပေးခဲ့ပြီးနောက်မှာ ပိုမို ပွင့်လင်း မြင်သာမှုရှိလာအောင် အခုလို ဖိအားပေးလိုက်တာ ဖြစ်ပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက “ဒီဖြစ်ပေါ်တိုးတက်မှုတွေကို မြန်မာနိုင်ငံရဲ့ ရေရှည်တည်ငြိမ်ရေး အတွက် လိုအပ်တဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေရဲ့ အရေးပါတဲ့ ခြေလှမ်းတွေ အဖြစ် ကျွန်တော်တို့ ရှုမြင်ပါတယ်” ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ် အနေနဲ့ တွေ့ဆုံခွင့်ရခြင်းဟာ သက်ဆိုင်သူ အားလုံးနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်သလို အားလုံး ပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကိုလည်း အရှိန်အဟုန် မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဖြစ်ပေါ်တိုးတက်မှုတွေကို အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် အောက်ကနေ နိုင်ငံရေးအရ ဆွေးနွေးမှုတွေနဲ့ ပြန်လည် သင့်မြတ်ရေးတို့ အတွက် အရှိန်အဟုန် မြှင့်တင်ဖို့ အသုံးချသင့်တယ် လို့လည်း ဖိလစ်ပိုင်က ပြောကြားခဲ့ပါတယ်။
—————————
THN Public Media
