THN Public Media Blog သတင်း နိုင်ငံရေး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ကုလ အထူးကိုယ်စားလှယ် တောင်းဆို
နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ကုလ အထူးကိုယ်စားလှယ် တောင်းဆို

ဇွန် ၂၀ – ၂၀၂၆

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ Julie Bishop က ဒေါ်အောင်ဆန်းစုကြည် ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဇွန်လ ၁၉ ရက်နေ့က တောင်းဆို လိုက်ပါတယ်။

အတိုက်အခံနိုင်ငံရေးရဲ့ ပြယုဂ်ဖြစ်တဲ့ သူမဟာ နိုင်ငံကို ထိန်းချုပ်ထားတဲ့ စစ်တပ် အောက်မှာ ဖမ်းဆီး ထိန်းသိမ်းခံရင်း သူမရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ ကို ဖြတ်သန်း ခဲ့ရတာပါ။

“၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရွေးကောက်ပွဲမှာ ပြန်လည် ရွေးကောက်ခံခဲ့ ရပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြင်းထန်စွာ အပြစ်ပေး ဖမ်းဆီး ထိန်းသိမ်းခြင်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခက်အခဲ ဒုက္ခတွေကို နေပြည်တော် အာဏာပိုင်တွေနဲ့ ကျွန်မ ထပ်ခါ တလဲလဲ ဆွေးနွေးပြောဆိုခဲ့ပါတယ်” လို့ Julie Bishop က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ပြောကြားခဲ့ပါတယ်။

ဒါဟာ သူမ မြန်မာနိုင်ငံကို စတုတ္ထအကြိမ်မြောက် သွားရောက်ခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ ပြောဆိုလိုက်တာပါ။

“သူမရဲ့ အခြေအနေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တဲ့ သတင်း ထုတ်ပြန်ချက်တွေ မရရှိတာ နှစ်နဲ့ချီနေပါပြီ၊ ဒီနေ့ကျရောက်တဲ့ သူမရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ သူမကို ပြန်လွှတ်ပေးဖို့ ကျွန်မနဲ့ အတူ ပူးပေါင်း တောင်းဆိုကြဖို့ တခြားသူတွေကိုလည်း တိုက်တွန်းချင်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် “လူအများစုရဲ့ အမြင်မှာတော့… နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသား အဖြစ် ဖမ်းဆီးထားသရွေ့ ငြိမ်းချမ်းရေး အတွက် ဘာတိုးတက်မှုမှ ရှိလာနိုင်မှာ မဟုတ်ပါဘူး” လို့လည်း သူမက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ ဒီမိုကရေစီအတိုက်အခံတွေကို ပိတ်ပင် ထားတဲ့ ရွေးကောက်ပွဲ အပြီးမှာ သမ္မတဖြစ်လာခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ထောင်ဒဏ် ၃၀ ကျော် စီရင်ချက် ချခံထားရတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထားတယ်ဆိုတာ ကတော့ အခုထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး၊ သူမရဲ့သားဖြစ်သူ Kim Aris ကတော့ သူ့ရဲ့မိခင် အသက်ထင်ရှား ရှိနေသေးတယ်ဆိုတဲ့ အထောက် အထားကို ပြသပေးဖို့ မြန်မာစစ်တပ် ခေါင်းဆောင်တွေကို တောင်းဆိုထား ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version