ဧပြီ ၂၄ – ၂၀၂၆
အာဆီယံ အလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင် နိုင်ငံက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ တိုက်တွန်းလိုက် ပါတယ်။
မကြာသေးခင်က ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အားလုံး ပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုတွေဆီ ဦးတည်တဲ့ ကောင်းမွန်တဲ့ ခြေလှမ်းတခု ဖြစ်တယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။
အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံရဲ့ ဥက္ကဋ္ဌ အနေနဲ့ ထုတ်ပြန်ချက်တခုမှာ ဖိလစ်ပိုင်က အခုလို ပြန်လွှတ်ပေးဖို့ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းပြီး ရေရှည် တည်တံ့တဲ့ အဖြေ ရရှိဖို့အတွက် ကူညီသွားဖို့ အာဆီယံရဲ့ ကတိ ကဝတ်ကို ထပ်လောင်း အတည်ပြုပါတယ်လို့ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေးနဲ့ လူမှုရေး အခြေအနေ တွေကို တော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က မြန်မာ သမ္မတသစ် မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာ ထည့်သွင်း ဆွေးနွေးခဲ့ ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ မင်းအောင်လှိုင်က အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက် ထားတယ်လို့ ပြောခဲ့ကြောင်း Sihasak က ဆိုပါတယ်။
နောက်ပြီး သူမအတွက် ကောင်းမွန်တဲ့ အရာတွေကို စဉ်းစားနေတယ်လို့ ပြောခဲ့ပေမဲ့ အသေးစိတ်တော့ မပြောခဲ့ပါဘူး။
သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ စိုးရိမ်မကင်းဖြစ်မှုကိုလည်း သူက တင်ပြခဲ့ကြောင်း Sihasak က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်းများစွာနဲ့ ထောင်ဒဏ် ၂၇ နှစ် ချမှတ် ခံထားရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အကျဉ်းသား ထောင်ပေါင်းများစွာကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ရာမှာ သူမရဲ့ ပြစ်ဒဏ်ကို ခြောက်ပုံတပုံ လျှော့ပေါ့ ပေးခဲ့ပါတယ်။
သမ္မတဟောင်း ဦးဝင်းမြင့်ကတော့ ပြန်လွတ်လာခဲ့ပါတယ်။
စစ်ဦးစီးချုပ်ဟောင်း မင်းအောင်လှိုင် ဦးဆောင်ခဲ့တဲ့ အာဏာသိမ်းမှု ကြောင့် အဲဒီအချိန်က အာဏာရ ဗိုလ်ချုပ်တွေကို အာဆီယံ ထိပ်သီး အစည်းအဝေး တွေကနေ ဖယ်ထုတ်ခဲ့တာပါ။
မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ မင်းအောင်လှိုင်က သူ့ရဲ့ ဦးစားပေးက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် အာဆီယံနဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် ကြိုးစား သွားမယ်လို့ ပြောခဲ့ရာ ထိုင်းနိုင်ငံကလည်း ဒီကိစ္စကို ကူညီ ထောက်ပံ့ ပေးမယ်လို့ ကတိပေးထားပါတယ်။
Ref: Reuters
—————————
THN Public Media
