THN Public Media Blog သတင်း ပြည်တွင်း နမ့်ခမ်းက ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု၊ လူ ၄၀ ကျော် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရ၊ သေဆုံးသူ ပိုများလာနိုင်
ပြည်တွင်း

နမ့်ခမ်းက ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု၊ လူ ၄၀ ကျော် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရ၊ သေဆုံးသူ ပိုများလာနိုင်

ဇွန် ၁ – ၂၀၂၆

ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့ ကောင်းတပ် ရွာမှာ မနေ့ မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ယမ်း သိုလှောင်ရုံ ပေါက်ကွဲမှုမှာ လူ သေဆုံးမှု ၄၀ ကျော်လာပြီး ၇၀ ကျော် ဆေးရုံ တင်ထားရကြောင်း လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

“မနေ့ မေလ ၃၁ ရက်နေ့က နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဖြစ်ပွားမှုမှာ သေဆုံးသူ မနေ့တရက် အတွင်း ၄၆ လောင်းရှိတယ်” လို့ ကူညီ ကယ်ဆယ်နေသူ အမျိုးသား တယောက်က ပြောပါတယ်။

နမ့်ခမ်းပြည်သူ့ ဆေးရုံကနေ အလောင်း ၄၆ လောင်းကို မီးသဂြိုဟ်စက်ဆီ ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

ကျန်ရှိနေတဲ့ ထိခိုက် ဒဏ်ရာရ လူနာ ၇၄ ယောက်ကိုလည်း နမ့်ခမ်း ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးမှာ မူဆယ်မြို့ နဲ့ နမ့်ခမ်းမြို့မှာရှိတဲ့ လူမှု ကူညီရေး အသင်းတွေ ပူးပေါင်းပြီး လူနာတင်ကား ၁၆ စီး နဲ့ ကူညီကယ်ထုတ် ပေးနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“အပျက်အစီးကြားတွေမှာ ခန္ဓာကိုယ် အပိုင်းအစတွေ တွေ့နေရပေမယ့် မထုတ်နိုင်တာတွေ ရှိသေးတယ်။ သေဆုံး စာရင်းက ထပ်ရှိနိုင်သေးတယ်။ တရပ်ကွက်လုံး ဖြစ်သွားတာဆိုတော့ လူ ဘယ်လောက် နေထိုင်နေလဲ ဆိုတာလည်း မသိဘူးလေ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ယမ်းသိုလှောင်ရုံ နဲ့ နီးကပ်တဲ့ နေ့အိမ်တွေ အားလုံးကြေမွ ပျက်စီးသွားပြီး သိုလှောင်ရုံနဲ့ မျက်နှာချင်းအိမ်တွေမှာ ရှိ‌နေတဲ့ လူတွေက အားလုံး သေဆုံး သွားကြတယ်လို့ ဆိုပါတယ်။

ဒေသခံ တချို့ကတော့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်နဲ့ TNLA တို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေတဲ့ စမ်းသပ်ဆဲ ယမ်းစပ် စက်ရုံက ပေါက်ကွဲခဲ့တာလို့ ပြော‌ပါတယ်။

TNLA ဘက်ကတော့ ဒါဟာ မိုင်းတွင်း ကျောက်ထုတ်လုပ်ရေးလုပ်ငန်း တွေမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲ မှု ဖြစ်ပွားခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

အဲဒီ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးရမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်တွေ ပျက်စီးဆုံးရှုံးရမှု အများအပြားရှိခဲ့ပြီး အဲဒီအတွက် TNLA အနေနဲ့ များစွာ ဝမ်းနည်းပူဆွေးရကြောင်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့တုန်းကလည်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့နယ်၊ ယောင်ပန် ကျေးရွာရှိ ယမ်းချက်စက်ရုံ ပေါက်ကွဲခဲ့ပြီး အဲဒီတုန်းက လူ ရာချီ သေဆုံးကာ အများအပြား ဒဏ်ရာခဲ့ကာ နေအိမ် အဆောက်အဦး အများအပြား ပျက်စီး ခဲ့ပါတယ်။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version