THN Public Media Blog သတင်း နိုင်ငံတကာ နယူးယောက် LaGuardia လေဆိပ် လေယာဥ်ပြေးလမ်းမှာ လေယာဉ်နဲ့ မီးသတ်ကား တိုက်မိလို့ လေယာဉ်မှူး နှစ်ဦး သေဆုံး
နိုင်ငံတကာ

နယူးယောက် LaGuardia လေဆိပ် လေယာဥ်ပြေးလမ်းမှာ လေယာဉ်နဲ့ မီးသတ်ကား တိုက်မိလို့ လေယာဉ်မှူး နှစ်ဦး သေဆုံး

မတ်လ ၂၃ – ၂၀၂၆

နယူးယောက်မြို့ LaGuardia လေဆိပ်မှာ လူအများအပြား တင်ဆောင် လာတဲ့ Air Canada လေယာဉ် တစင်းဟာ ပြေးလမ်းမှာ မီးသတ်ကား တစီးနဲ့ တိုက်မိခဲ့လို့ လေယာဉ်မှူး နှစ်ဦး သေဆုံးသွားခဲ့ ပါတယ်။

ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Kathryn Garcia ကတော့ ဒီဖြစ်စဉ်ကြောင့် လူပေါင်း ၄၁ ဦးကို ဆေးရုံတင်ခဲ့ရပြီး၊ အဲဒီထဲက ၃၂ ဦး ကတော့ ဆေးရုံက ဆင်းသွားနိုင်ပြီ ဖြစ်ပေမဲ့ ကျန်တဲ့ သူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ရှိနေတယ်လို့ အတည်ပြုပါတယ်။

LaGuardia လေဆိပ်ကို ဒေသစံတော်ချိန် တနင်္လာနေ့ နေ့လယ် ၂ နာရီ အထိ ပိတ်ထားဦးမှာ ဖြစ်ကြောင်း Garcia က ပြောပါတယ်။

နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီ (Zohran Mamdani) က ဒါဟာ အလွန် ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်လို့ ဖော်ပြခဲ့ပြီး အမျိုးသား သယ်ယူ ပို့ဆောင်ရေး လုံခြုံမှုဘုတ်အဖွဲ့ NTSB က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ ဆိုပါတယ်။

“အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တဲ့ အရေးပေါ် ကယ်ဆယ်ရေး သမားတွေရဲ့ လျင်မြန်တဲ့ လုပ်ဆောင်ချက်တွေအတွက် ကျေးဇူးတင် ပါတယ်” လို့လည်း မြို့တော်ဝန်က ပြောပါတယ်။

ကနေဒါနိုင်ငံ Montreal မြို့ကနေ ပျံသန်းလာတဲ့ အဲဒီလေယာဉ်ဟာ လေဆိပ်ကို ဆင်းသက်ပြီး ချိန်မှာ လေဆိပ်ကို စီမံခန့်ခွဲနေတဲ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ရဲ့ မီးသတ်ယာဉ်နဲ့ တိုက်မိခဲ့တာပါ။

အဲဒီ မီးသတ်ကား ဟာ United Airlines လေယာဉ်တစင်း ကနေ အနံတခုထွက်နေလို့ သွားရောက်ကူညီဖို့ မောင်းသွားချိန် အခုလို ဖြစ်ခဲ့တာလို့ Garcia က သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။

ခရီးသည် ၇၂ ဦးနဲ့ လေယာဉ် အဖွဲ့သား ၄ ဦး တင်ဆောင်လာတဲ့ CRJ 900 အမျိုးအစား လေယာဉ်ဟာ အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။

လေယာဉ်ပေါ်ပါသူ အားလုံးကို စာရင်း အတည်ပြုနိုင်ခဲ့ပြီး၊ မီးသတ် ယာဉ်ထဲမှာ ပါတဲ့ ရဲအရာရှိ နှစ်ဦးကတော့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ref: bbc

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version