THN Public Media Blog Sport နိုင်ငံမဲ့ကနေ ‘’ထိုင်းမယ်ကမ္ဘာ’’ ဖြစ်ခဲ့သူ ရှမ်းတိုင်းရင်းသူ ‘’နန်းဖိန်း ကန်သီရာ’’
Sport

နိုင်ငံမဲ့ကနေ ‘’ထိုင်းမယ်ကမ္ဘာ’’ ဖြစ်ခဲ့သူ ရှမ်းတိုင်းရင်းသူ ‘’နန်းဖိန်း ကန်သီရာ’’

မေလ ၁၂ – ၂၀၂၆

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ Miss World Thailand ၂၀၂၆ ပြိုင်ပွဲမှာ ရှင်းတိုင်းရင်းသူ ‘’နန်းဖိန်း ကန်သီရာ’’ ဟာ ‘’ထိုင်းမယ်ကမ္ဘာ’’ ၂၀၂၆ သရဖူကို ဆွတ်ခူးနိုင်ခဲ့ပြီး အလှမယ် လောက အတွက် အပြောင်းအလဲ ကြီးတခု ဖြစ်စေခဲ့ပါတယ်။

နန်းဖိန်း ကန်သီရာ ဟာ မြန်မာပြည်ဖွား မိဘတွေက မွေးဖွားလာတဲ့ ရှမ်းတိုင်းရင်းသူ တဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့ဘဝ ကနေ ဗီဇာငြင်းပယ်ခံရတဲ့ စိတ်မကောင်းစရာ အတိတ်တွေကို ကျော်ဖြတ်ပြီး၊ ဆေးဘက်ဆိုင်ရာ ပညာရှင်၊ လူ့အခွင့် အရေး သံတမန်နဲ့ ထိုင်းနိုင်ငံဂုဏ်ဆောင် အမျိုးသမီးတဦး ဖြစ်လာခဲ့ ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိတဲ့ သူမဟာ “သမုဒ္ဒရာဧကရီ” Ocean Empress ဆိုတဲ့ ပြိုင်ပွဲဝင်ဟန်နဲ့ ဒိုင်လူကြီးတွေကို ဖမ်းစားနိုင်ခဲ့ရုံတင်မကဘဲ၊ သူမရဲ့ ထက်မြက်တဲ့ အသိဉာဏ်ပညာနဲ့ ကြံ့ခိုင်တဲ့ ဘဝဇာတ်ကြောင်းတွေ ကလည်း ထိုင်းပြည်သူတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နန်းဖိန်းရဲ့ ဒီအောင်မြင်မှုဟာ ရိုးရာအလှမယ် ဇာတ်ကြောင်းတွေနဲ့ လုံးဝ ကွဲပြားနေပါတယ်။

ချင်းရိုင်ခရိုင်က ရှမ်းတိုင်းရင်းသား မိသားစုကနေ မွေးဖွားလာတဲ့ သူမဟာ ငယ်ဘဝရဲ့ အချိန်အတော်များများကို နိုင်ငံသား အခွင့်အရေးနဲ့ ဥပဒေ ကြောင်းအရ အကာအကွယ် မရှိတဲ့ “နိုင်ငံမဲ့ကလေးငယ်” တဦးအဖြစ် ဖြတ်သန်းခဲ့ရတာပါ။

ဒီနေ့မှာတော့ သူမဟာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တဦး ဖြစ်လာခဲ့ သလို၊ နိုင်ငံရေး သိပ္ပံဘာသာရပ်နဲ့ မဟာဘွဲ့ တက်ရောက် နေသူတဦးလည်း ဖြစ်နေပြီဖြစ်လို့ “ဘဝအစက အရင်းအနှီး” ဘာမှ မရှိခဲ့ပေမယ့် ဒါဟာ လူတယောက်ရဲ့ ပန်းတိုင်ကို အဆုံးအဖြတ် မပေးနိုင်ဘူး ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

#ဘဝရဲ့ အချိုးအကွေ့

————-

သူမရဲ့ ဘဝခရီးလမ်းဟာ ၂၀၁၉ ခုနှစ်မှာတော့ ဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ လမ်းဆုံလမ်းခွတခုကို ရောက်ရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ သိပ္ပံပြိုင်ပွဲတခု အတွက် နိုင်ငံကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံခဲ့ရပေမဲ့၊ ထိုင်းနိုင်ငံသား မဖြစ်သေးတာကြောင့် ဗီဇာငြင်းပယ်ခံရပြီး သွားရောက်ခွင့် မရခဲ့ပါဘူး။

ဒီလို ရှုံးနိမ့်မှုအပေါ် အရှုံးမပေးဘဲ အဲဒီဖြစ်ရပ်ကနေ မိမိကိုယ်တိုင်နဲ့ တခြား သူတွေရဲ့ အခွင့်အရေးတွေကို ရရှိဖို့အတွက် ပြင်းပြတဲ့ စိတ်ဓာတ်ကို မွေးဖွားပေးခဲ့ပါတယ်။

နောက်ဆုံးမှာ နိုင်ငံသားအဖြစ် ရရှိခဲ့ပြီးနောက် သူမဟာ ကျေးလက် လယ်သမားတွေရဲ့ စားဝတ်နေရေးကို ကာကွယ်ပေးမယ့် ‘မိုးခေါင်ရေရှား ဒဏ်ခံနိုင်တဲ့ မျိုးစေ့အပေါ်ယံလွှာ’ ဆိုင်ရာ သိပ္ပံနည်းကျ သုတေသန အတွက် USAID က ပေးအပ်တဲ့ အထူးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

#ရည်မှန်းချက်ရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ အလှတရား

—————————————-

နန်းဖိန်းဟာ “ရည်မှန်းချက်ရှိတဲ့ အလှတရား” Beauty with a Purpose ဆိုတဲ့ မူဝါဒကို ကိုယ်တိုင် လက်တွေ့ကျင့်သုံးနေသူပါ။

ချင်းမိုင်တက္ကသိုလ်မှာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ သူမရဲ့ ထူးချွန်တဲ့ ပညာရေး မှတ်တမ်းတွေဟာ လူ့အခွင့်အရေး လှုပ်ရှားသူ တဦးအဖြစ် လုပ်ဆောင်ဖို့အတွက် အခြေခံကောင်းတွေ ဖြစ်ခဲ့ပါတယ်။

သူမဟာ UNHCR နဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ပြုလုပ်တဲ့ အဆင့်မြင့် ဆွေးနွေးပွဲတွေမှာ လူငယ်သံတမန် အဖြစ် ပါဝင်ခဲ့ပြီး၊ အာရှ-ပစိဖိတ် ဒေသတွင်းက နေရပ် စွန့်ခွာရသူတွေကို ကူညီပေးမယ့် မူဝါဒတွေကို ရေးဆွဲခဲ့ပါတယ်။

ဒါ့အပြင် သူမဟာ “DARE YOUR DREAM” ဆိုတဲ့ စီမံကိန်းကို ၄ နှစ် ကျော်ကြာ ဦးဆောင်လာခဲ့ပါတယ်။

ဒီစီမံကိန်းဟာ သူမရဲ့ ငယ်ဘဝတုန်းကလိုပဲ အဆင့်မြင့်ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း အိပ်မက်တွေမှာ အတားအဆီးဖြစ်နေရတဲ့ နိုင်ငံမဲ့ ကလေးငယ်တွေ အတွက် လိုအပ်တဲ့ ပညာသင်ဆုတွေနဲ့ ဥပဒေကြောင်း အရ အကူအညီတွေကို ရရှိစေဖို့ အဓိကထား လုပ်ဆောင်တာ ဖြစ်ပါတယ်။

အခုဆိုရင် အသစ်စက်စက် Miss World Thailand အနေနဲ့ လာမယ့် စက်တင်ဘာလမှာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ကျင်းပမယ့် (၇၃) ကြိမ်မြောက် Miss World ကမ္ဘာလုံးဆိုင်ရာ ဗိုလ်လုပွဲမှာ ထိုင်းနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ဖို့အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်နေပါတယ်။

သူမရဲ့ သိပ္ပံပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ သံတမန်ရေးရာ အတွေ့အကြုံနဲ့ ဘဝရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကြောင့် သူမဟာ ထိုင်းနိုင်ငံအတွက် တခါမှ မရဖူးသေးတဲ့ ကမ္ဘာ့အဆင့် သရဖူကို ယူဆောင်လာပေးနိုင်မယ့် အား အကောင်းဆုံး မျှော်လင့်ချက်အဖြစ် သတ်မှတ်ခံနေရပါတယ်။

Ref: The Nation

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version