မေလ ၉ – ၂၀၂၆
ယူကရိန်းမှာ ရှိတဲ့ ရုရှားတပ်ဖွဲ့ဝင် တွေဟာ နေတိုးအဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ ကျောထောက် နောက်ခံကို ရရှိထားတဲ့ ကျူးကျော်စော်ကားတဲ့ တပ်ကို တိုက်ခိုက် နေရတာ ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြား လိုက်ပါတယ်။
မော်စကို ရင်ပြင်နီမှာ ကျင်းပတဲ့ နှစ်ပတ်လည် အောင်ပွဲနေ့
(Victory Day) စစ်ရေးပြ အခမ်းအနား မှာ အခုလို ရန်လိုတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ပြီး၊ သူ့ရဲ့ စစ်ပွဲ ရည်မှန်းချက် တွေဟာ တရားမျှတမှု ရှိတယ် လို့လည်း ဖော်ပြခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ် အတွင်း နာဇီဂျာမနီကို အနိုင်ရရှိခဲ့တဲ့ အထိမ်းအမှတ် အဖြစ် ရင်ပြင်နီမှာ ပြုလုပ်တဲ့ ဒီစစ်ရေးပြ အခမ်းအနားမှာ သမ္မတ ပူတင်က တပ်ဖွဲ့တွေရဲ့ အလေးပြုခံယူပြီး ယူကရိန်း စစ်ပွဲမှာ အောင်ပွဲ ရမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တာပါ။
အမေရိကန်က ကြားဝင် စေ့စပ်ပေးထားတဲ့ သုံးရက်ကြာ အပစ်အခတ် ရပ်စဲရေးကြောင့် ယူကရိန်းဘက်က အခမ်းအနားကို နှောင့်ယှက် နိုင်ခြေရှိတဲ့ စိုးရိမ်မှုတွေ လျော့ပါးသွားခဲ့ပေမဲ့၊ ပူတင်နဲ့ နိုင်ငံခြား ခေါင်းဆောင် တချို့ တက်ရောက်တဲ့ ဒီအခမ်းအနား အတွက် မော်စကိုမြို့မှာ လုံခြုံရေးကို အထူး တင်းကျပ်ထားခဲ့ပါတယ်။
အာဏာရယူထားတာ ၂၅ နှစ်ကျော်ပြီဖြစ်တဲ့ ပူတင်ဟာ အောင်ပွဲနေ့ကို စစ်အင်အားပြဖို့နဲ့ အခုဆိုရင် ၅ နှစ်ထဲကို ရောက်ရှိ လာပြီဖြစ်တဲ့ ယူကရိန်း အပေါ် စစ်ရေးအရ လုပ်ဆောင်မှုတွေ အတွက် ထောက်ခံမှု ရရှိအောင် အသုံးချခဲ့တာ ဖြစ်ပါတယ်။
စစ်ရေးပြ အခမ်းအနား မိန့်ခွန်းပြောကြားရာမှာ ပူတင်ဟာ ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို ချီးကျူးဂုဏ်ပြုခဲ့ပြီး သူတို့ဟာ “နေတိုးအဖွဲ့တခုလုံးက လက်နက်တပ်ဆင်ပေးထားပြီး ထောက်ပံ့ ထားတဲ့ ကျူးကျော်စော်ကားတဲ့ အင်အားစုကို ရင်ဆိုင်နေရတာ” ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
“အောင်ပွဲဟာ အမြဲတမ်း ငါတို့အတွက်ပဲ ဖြစ်ခဲ့သလို၊ ရှေ့ဆက်လည်း ငါတို့အတွက်ပဲ ဖြစ်နေဦးမှာပါ” လို့ ရင်ပြင်နီ စစ်ကြောင်းတွေရှေ့မှာ ပူတင်က ပြောကြားခဲ့ပါတယ်။
“အောင်မြင်မှုရဲ့ သော့ချက်ကတော့ ငါတို့ရဲ့ စိတ်ဓာတ်ခွန်အား၊ သတ္တိနဲ့ ရဲစွမ်းသတ္တိ၊ ငါတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဘယ်လို စိန်ခေါ်မှုမျိုးကို မဆို ကြံ့ကြံ့ခံ ကျော်လွှားနိုင်စွမ်းပဲ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာတော့ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုက်လေယာဉ်တွေ ပျံသန်းပြသတာက လွဲလို့ တင့်ကားတွေ၊ ဒုံးကျည်တွေ နဲ့ တခြား အကြီးစား လက်နက်တွေ မပါဝင်ဘဲ စစ်ရေးပြခဲ့ပါတယ်။
အခုလို ပုံစံပြောင်းလဲသွားရတာဟာ “လက်ရှိ စစ်ရေးအခြေအနေ” ကြောင့် ဖြစ်ပြီး ယူကရိန်း ဘက်က တိုက်ခိုက် လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာ ကြောင့်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမက်ထရီ ပက်စ်ကို့ ကတော့ အာဏာပိုင် တွေ အနေနဲ့ အပိုဆောင်း လုံခြုံရေးအစီအမံတွေ လုပ်ဆောင် ထားတယ် လို့ ပြောပါတယ်။
photo: getty
ref: France 24
—————————
THN Public Media
