မေလ ၁၁ – ၂၀၂၆
ထိပ်သီးအစည်းအဝေးအပြီး အာဆီယံ ဥက္ကဌ ဖိလစ်ပိုင်က မေလ ၉ ရက်နေ့ ထုတ်ပြန်တဲ့ စာမျက်နှာ ၄၆ မျက်နှာပါ ကြေညာချက်ထဲက မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ကောက်နုတ်ဖေါ်ပြ ပေးထားတာ ဖြစ်ပါတယ်။
–
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတာ၊ လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘော တူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ရာမှာ တိုးတက်မှု အလွန် နည်းပါးနေတာတွေ အပေါ် ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်မိကြောင်း ဖော်ပြခဲ့ကြပါတယ်။
မြန်မာ့နို င်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒီ ဘုံသဘောတူညီချက် ၅ ချက်ဟာ ကျွန်တော်တို့ရဲ့ အဓိက ကိုးကားချက် အဖြစ် ဆက်ရှိနေမှာ ဖြစ်သလို၊ သက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက် တွေကိုလည်း ကျွန်တော်တို့ တညီတညွတ်တည်း ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်။
အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေ အပေါ် အကြမ်းဖက်မှုတွေ ဆက်လုပ် နေတာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပြီး၊ အကြမ်းဖက်မှု တွေကို ချက်ချင်းရပ်တန့်ဖို့၊ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ အရပ်သားတွေနဲ့ အခြေခံ အဆောက်အအုံတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ အမျိုးသား အဆင့် ဆွေးနွေးပွဲတွေ ဖြစ်လာစေမယ့် ပတ်ဝန်းကျင်ကောင်း တခု ဖန်တီးပေးဖို့ သက်ဆိုင်သူ အားလုံးကို တိုက်တွန်းခဲ့ပါတယ်။
ဘုံသဘောတူညီချက်ရဲ့ အချက် ၄ အရ မြန်မာနိုင်ငံကို AHA Centre ကနေ တဆင့် လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်ပေးအပ်နိုင်ခဲ့တဲ့ တိုးတက်မှု တွေကိုလည်း ကျွန်တော်တို့ ကြိုဆိုခဲ့ကြပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ စတင် ခန့်အပ်ခြင်းခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် H.E. Ma. Theresa P. Lazaro ရဲ့ ကြိုးပမ်း အားထုတ်မှုတွေကိုလည်း ကျွန်တော်တို့ ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။
အထူးကိုယ်စားလှယ်ဟာ သူ့ရဲ့ တာဝန်ဝတ္တရားတွေ အရ မြန်မာနိုင်ငံက သက်ဆိုင်သူ အဖွဲ့အစည်းအမျိုးမျိုးနဲ့ တက်တက်ကြွကြွ ထိတွေ့ ဆက်ဆံခဲ့ပြီး၊ ဒါဟာ မြန်မာနိုင်ငံ ကပဲ ဦးဆောင်ပြီး မြန်မာပိုင်တဲ့ အားလုံး ပါဝင်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက် တခု ရရှိလာအောင် ကူညီ ပေးမယ့် အာဆီယံရဲ့ ကတိကဝတ်ကို ပြသနေတာ ဖြစ်သလို၊ မြန်မာဟာ အာဆီယံရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တခုအဖြစ် ဆက်ရှိနေတယ် ဆိုတာကိုလည်း ထပ်လောင်းအတည်ပြုတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အထူးကိုယ်စားလှယ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ဆွေးနွေးဖက် နိုင်ငံတွေ၊ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာနဲ့ ဒေသတွင်း မိတ်ဖက် အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်နေသူတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို ဖြေရှင်းရာမှာ စုပေါင်း အားထုတ်မှုရဲ့ အရေးပါပုံကို အလေးပေးပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ အဆင့်သုံးဆင့် ပြီးဆုံးသွားတာနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ် တိုးတက်မှုတွေကိုလည်း ကျွန်တော်တို့ သတိပြု မိပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အဆင့်မြင့် အရာရှိကြီးတွေရဲ့ ဆွေးနွေးချက်တွေကို ကျွန်တော်တို့ မှတ်တမ်း တင်ထားပြီး၊ အဆိုပြုထားတဲ့ လုပ်ပိုင်ခွင့်၊ ပံ့ပိုး ကူညီမယ့် အဆောက် အအုံ၊ ရန်ပုံငွေ၊ သက်တမ်းနဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ကိုက်ညီမှု ရှိစေရေး စတဲ့ အဓိက မဟာဗျူဟာမြောက် မေးခွန်းတွေ အပေါ်မှာ တူညီတဲ့ ရပ်တည်ချက် တခုရဖို့ အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကိုလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။
အာဆီယံခေါင်းဆောင်တွေ ပေးထားတဲ့ လုပ်ပိုင်ခွင့် အတိုင်း ဒီတာဝန်ကို အဆက်မပြတ် လုပ်ဆောင်နိုင်ဖို့ အတွက် ရေရှည်ခန့်အပ်မယ့် မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အဆိုပြုချက် အပေါ် အာဆီယံ အဆင့်မြင့် အရာရှိကြီးတွေရဲ့ ဆွေးနွေးမှု ရလဒ်တွေကိုလည်း ကျွန်တော်တို့ မျှော်လင့် စောင့်စားနေပါတယ်။
ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄၀၀၀ ကျော်ကို မြန်မာနိုင်ငံက လွှတ်ပေး ခဲ့တာ၊ အဲဒီနောက်မှာလည်း အကျဉ်းသား ၁၅၀၀ ကျော် ထပ်မံ လွှတ်ပေးခဲ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ် တခုဆီ ပြောင်းရွှေ့ပေးခဲ့တာတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်။
ဒီလို အကျဉ်းသားတွေ လွှတ်ပေးတာဟာ မြန်မာနိုင်ငံက သက်ဆိုင်သူ အားလုံးကြား အားလုံးပါဝင်တဲ့ အမျိုးသား အဆင့် ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုလို့ ကျွန်တော်တို့ မြင်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေ ကိုလည်း ဆက်လက် လွှတ်ပေးဖို့ ကျွန်တော်တို့က ထပ်လောင်း တောင်းဆိုလိုက် ပါတယ်။
—————————
THN Public Media
