ဖေဖေါ်ဝါရီ ၁၃ – ၂၀၂၆
ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့လုံခြုံရေး ညီလာခံကို တက်ရောက် မိန့်ခွန်းပြောကြားမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက ဥရောပ မထွက်ခွာခင် လေဆိပ်မှာ ပြောကြားရာ ပထဝီ နိုင်ငံရေးက ခေတ်သစ်တခုကို ရောက်နေပြီလို့ သတိပေး လိုက်ပါတယ်။
“ကမ္ဘာကြီးဟာ ကျွန်တော်တို့ မျက်စိရှေ့မှာတင် အရမ်းမြန်မြန် ပြောင်းလဲ နေပါတယ်” လို့ ရူဘီယိုက ဥရောပနိုင်ငံတွေ အပေါ် သဘောထားကို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ဟာ ပထဝီနိုင်ငံရေးရဲ့ ခေတ်သစ်တခုမှာ နေထိုင် နေကြ တာပါ၊ ဒါဟာ ကျွန်တော်တို့ အားလုံးကို အခြေအနေ တွေက ဘယ်လိုရှိ နေသလဲ၊ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက ဘာဖြစ် မလဲဆိုတာကို ပြန်လည် ဆန်းစစ်ဖို့ လိုအပ်စေမှာပါ” လို့ ပြောကြားသွားပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က ဒိန်းမတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်ပြီး ဂရင်းလန်းကျွန်းကို သိမ်းယူဖို့ ပြောကြားခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ညီလာခံ အတွက် ရူဘီယိုက အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပ အနေနဲ့ အမေရိကန် အပေါ် မှီခိုနေရတဲ့ အခြေအနေကနေ ကင်းလွတ်ဖို့ ပြင်ဆင်ရမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပေမယ့် နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte ကတော့ အတ္တလန္တိတ် သမုဒ္ဒရာဖြတ်ကျော် ဆက်ဆံရေးဟာ အမြဲတမ်း နီးနီးကပ်ကပ်နဲ့ အရေးကြီးနေဆဲ ဖြစ်ကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်။
သောကြာနေ့မှာ စတင်ခဲ့တဲ့ နှစ်စဥ်ကျင်းပတဲ့ ဒီ လုံခြုံရေးညီလာခံ အစီအစဉ် မှာ ယူကရိန်းစစ်ပွဲ၊ တရုတ်နဲ့ တင်းမာမှု၊ အီရန်နဲ့ အမေရိကန် အကြား ဖြစ်ပေါ်လာနိုင်တဲ့ နျူကလီးယား သဘောတူညီချက် ကိစ္စရပ်တွေ ဆွေးနွေးဖို့ အဓိက ပါဝင်ပါတယ်။
ညီလာခံ အဖွင့်မှာ ဂျာမနီဝန်ကြီးချုပ် Friedrich Merz က “အတ္တလန္တိတ် သမုဒ္ဒရာဖြတ်ကျော် ယုံကြည်မှုကို အတူတကွ ပြန်လည် ပြုပြင်ပြီး အသက်သွင်းကြပါစို့” လို့ အမေရိကန်ကို တိုက်ရိုက်ပန်ကြားခဲ့ ပါတယ်။
ဒါ့အပြင် ဥရောပ ပူးတွဲ နျူကလီးယား ဟန့်တားမှုစနစ် တခု တည်ဆောင်ရေး အတွက် မက်ခရွန်နဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေ လုပ်ဆောင် နေတယ်လို့ သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဥရောပမှာ ပြင်သစ်နဲ့ ယူကေတို့ ကသာ နျူကလီးယား ပိုင်ဆိုင်တာ ဖြစ်ပြီး ဂျာမနီနဲ့ တခြား ဥရောပနိုင်ငံ အများအပြား ကတော့ နေတိုး မဟာမိတ် ထဲက အမေရိကန်ရဲ့ နျူကလီးယား အကာအကွယ်ကိုသာ အစဉ်အဆက် အားကိုးနေခဲ့ရတာ ဖြစ်ပါတယ်။
မစ္စတာ ရူဘီယို ဟာ ဒီကနေ့မှာ ဂျာမဏီကို ရောက်ရှိနေပြီ ဖြစ်ပြီး မနက်ဖြန် စနေနေ့မှာ ကမ္ဘာ့လုံခြုံညီလာ အတွက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
ဒိန်းမတ်ဝန်ကြီးချုပ် က သူမရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ဂရင်းလန်းကို သိမ်းယူမယ့် အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ရူဘီယို နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း သောကြာနေ့မှာ သတင်းထောက် တွေကို ပြောကြားလိုက်ပါတယ်။
Ref: bbc
—————————
THN Public Media
