ဧပြီ ၈ – ၂၀၂၆
ပါကစ္စတန်နိုင်ငံက ကြားဝင် စေ့စပ်ပေးမှုကြောင့် အမေရိကန်နဲ့ အီရန် တို့ဟာ နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြ ပါတယ်။
ဒါဟာ သီတင်းခြောက်ပတ်ကြာ ဖြစ်ပွားခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ရတဲ့ အပြင် အရှေ့အလယ်ပိုင်း ဒေသတခုလုံးကို ပြန့်နှံ့သွားခဲ့တဲ့ စစ်ပွဲကို ခေတ္တ ရပ်တန့်သွားစေနိုင်သလို ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုအပေါ် မကြုံစဖူး ထိခိုက် စေခဲ့မှုတွေကိုလည်း သက်သာရာရစေမှာ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ဟာ အီရန် က ပိတ်ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့၊ မဟုတ်ရင်တော့ အီရန် ယဉ်ကျေးမှုတခုလုံး ပျက်စီး သွားစေ ရမယ် ဆိုပြီး သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန် မတိုင်မီ နှစ်နာရီ အလို ဖြစ်တဲ့ အင်္ဂါနေ့နှောင်းပိုင်းမှာ အခု သဘောတူညီချက်ကို ကြေညာခဲ့ တာပါ။
ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif ကတော့ လာမယ့် သောကြာနေ့ မှာ အစ္စလာမ္မာဘတ်မြို့မှာ တွေ့ဆုံဖို့ အတွက် အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့တွေကို ဖိတ်ကြား ထားတယ်လို့ ပြောပါတယ်။
အခုသဘောတူညီချက်ဟာ ရေလက်ကြားကို ဖြတ်သန်းသွားလာမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ သင်္ဘောတွေကို ပိတ်ဆို့ ထားမှုကို အီရန်ဘက်က ရပ်ဆိုင်းဖို့ အပေါ်မှာ မူတည်နေတယ်လို့ ထရမ့်က ဆိုပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှု စုစုပေါင်းရဲ့ ငါးပုံ တပုံခန့်ဟာ ဒီရေလမ်းကြောင်း ကနေ သွားနေတာပါ။
ဒီသဘောတူညီချက် သတင်းကြောင့် ကမ္ဘာ့စွမ်းအင် ဈေးကွက်မှာ သမိုင်း တလျှောက် အဆိုးရွားဆုံး ထိခိုက်မှုတွေ အဆုံးသတ် သွားတော့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ ကမ္ဘာတဝန်းမှာ ရေနံဈေးတွေ သိသိသာသာ ထိုးဆင်း သွားပြီး ရှယ်ယာဈေးကွက်တွေ ကတော့ ပြန်လည် မြင့်တက် လာခဲ့ ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi ကတော့ အီရန် အပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်မယ် ဆိုရင် အီရန်ဘက်ကလည်း ပြန်လည် တိုက်ခိုက်မှုတွေကို ရပ်တန့်မှာဖြစ်ပြီး ရေလမ်းကြောင်းကို ဘေးကင်းစွာ ဖြတ်သန်းခွင့် ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားခဲ့ ပါတယ်။
ညတွင်းချင်းမှာပဲ အီရန်နိုင်ငံသားတွေဟာ လမ်းမပေါ်ထွက်ပြီး အီရန် အလံတွေကို ဝှေ့ယမ်းကာ အမေရိကန်နဲ့ အစ္စရေးအလံတွေကို မီးရှို့ပြီး အောင်ပွဲခံခဲ့ကြပါတယ်။
ဒါပေမဲ့ အခုသဘောတူညီချက်က တကယ် မြဲပါ့မလားဆိုတဲ့ စိုးရိမ် ပူပန်မှု တွေ လည်း ရှိနေပါတယ်။
အခုအပစ်အခတ်ရပ်စဲရေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ စတင်ခဲ့တဲ့ စစ်ပွဲကို ခေတ္တဆိုင်းငံ့ လိုက်တာပါ။
အဲဒီအချိန်တုန်းက သူတို့ဟာ အီရန်ရဲ့ အင်အားချဲ့ထွင်မှုကို တားဆီးဖို့၊ နျူကလီးယား စီမံကိန်းကို အဆုံးသတ်ဖို့နဲ့ အီရန် အုပ်ချုပ်သူတွေကို ဖြုတ်ချ နိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ကတော့ ဒီအပစ်အခတ် ရပ်စဲရေးဟာ “လုံးဝဥဿုံ ပြည့်စုံတဲ့ အောင်ပွဲ” ဖြစ်တယ်လို့ ပြင်သစ် သတင်းဌာန AFP ကို ပြောခဲ့သလို၊ အမေရိကန်ဟာ ၎င်းရဲ့ စစ်ရေးရည်မှန်းချက်တွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီလို့ Truth Social မှာ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ ဒီစစ်ပွဲကြောင့် အီရန်ရဲ့ သန့်စင်ထားတဲ့ ယူရေနီယမ်တွေ မဆုံးရှုံး သွားပါ။
အိမ်နီးချင်းနိုင်ငံတွေကို အီရန်ရဲ့ ဒုံးပျံတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက် နိုင်စွမ်း ကိုလည်း မထိခိုက်ခဲ့ပါ။
လွန်ခဲ့တဲ့ လပိုင်းက လူထုဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အီရန် အာဏာပိုင် တွေ ဟာလည်း အင်အားကြီးနိုင်ငံရဲ့ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ပြည်တွင်း မှာလည်း ကန့်ကွက်မှုတွေ မတွေ့ရတော့ပါ။
ဆယ်စုနှစ်ပေါင်းများစွာ ဒေသတွင်းမှာ အမေရိကန်စစ်တပ် အင်အား အလုံးအရင်းနဲ့ ရှိနေပေမဲ့လည်း ပင်လယ်ကွေ့ရဲ့ စွမ်းအင် ထောက်ပံ့မှုကို ဖြတ်တောက် နိုင်စွမ်းရှိတဲ့ အီရန်ရဲ့ စွမ်းဆောင်ရည်က ပင်လယ်ကွေ့ ဒေသရဲ့ အာဏာ ချိန်ခွင်လျှာကို နောင်မျိုးဆက်တွေ အထိ ပြောင်းလဲ သွားစေ နိုင်ပါတယ်။
ရန်သူဟာ အီရန်လူမျိုးတွေအပေါ် မတရားတဲ့၊ တရားမဝင်တဲ့ ရာဇဝတ် စစ်ပွဲကို ဆင်နွှဲခဲ့ပေမဲ့ ငြင်းပယ်လို့ မရတဲ့ သမိုင်းဝင် အရှက်ရဖွယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ ရပြီလို့ အီရန်အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့ ပါတယ်။
နေတန်ယာဟုရဲ့ ရုံးခန်း ကတော့ အီရန်အပေါ် တိုက်ခိုက်မှုတွေကို နှစ်ပတ်ကြာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို အစ္စရေးက ထောက်ခံတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အီရန်အစိုးရ ပြုတ်ကျစေချင်တဲ့ အစ္စရေး ခေါင်းဆောင် အတွက် တော့ ဒီသဘောတူညီချက်ဟာ ထိုးနှက်ချက်တခု ဖြစ်လာနိုင်ပါတယ်။
အစ္စရေး အတိုက်အခံ နိုင်ငံရေးသမား Yair Lapid က အီရန် နျူကလီးယား စီမံကိန်း မပျက်စီးခဲ့သလို ဒုံးပျံခြိမ်းခြောက်မှုကလည်း ရှိနေဆဲပဲ၊ အီရန် အစိုးရက မပြိုကွဲတဲ့ အပြင် ဒီစစ်ပွဲကနေ ပိုတောင် အင်အား တောင့်တင်းလာသေးတယ်လို့ သူက ဝေဖန်ခဲ့ပါတယ်။
ပင်လယ်ကွေ့ သင်္ဘောလိုင်းတွေ ပြန်လည်ပတ်ဖို့က အချိန်ယူရဦးမှာဖြစ်ပြီး သင်္ဘောကုမ္ပဏီတွေဟာ လုံခြုံရေး အာမခံချက်ရမှသာ ခရီးစဉ်တွေ ပြန်စမှာပါ။
ကွန်တိန်နာ သင်္ဘောလိုင်း Maersk ကတော့ အပြောင်းအလဲတွေ မလုပ်သေးဘဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ဆုံးဖြတ်ချက်ကို အခြေအနေပေါ် မူတည်ပြီးမှ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။
အခုသဘောတူညီချက်ဟာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ တွေကို နှိမ်နင်းရေး မပါဘူးလို့ နေတန်ယာဟုရဲ့ ရုံးခန်းက ပြောကြား ထားပြီး လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေ ပါတယ်။
အမေရိကန်နဲ့ အီရန်ကြား အပစ်ရပ်မှုဟာ နှစ်ဖက်စလုံးရဲ့ အဓိက တောင်းဆိုချက် တွေကို မဖြေရှင်းနိုင်သေးပါဘူး။
လာမယ့် နှစ်ပတ်အတွင်း ဆွေးနွေးမှုတွေမှာ အီရန်ရဲ့ နျူကလီးယား ပစ္စည်းတွေကို ဖယ်ရှားဖို့၊ ယူရေနီယမ် သန့်စင်မှုကို ရပ်တန့်ဖို့နဲ့ ဒုံးပျံတွေကို ဖျက်သိမ်း ဖို့ဆိုတဲ့ အချက်တွေကို အမေရိကန်ဘက်က ပြတ်ပြတ် သားသား တောင်းဆိုလိမ့်မယ်လို့ အမေရိကန် အရာရှိတွေက အစ္စရေးကို အာမခံထားပါတယ်။
ဒါပေမဲ့ အီရန်ဘက်ကလည်း ပိတ်ဆို့မှုအားလုံး ဖယ်ရှားပေးဖို့၊ စစ်ပွဲကြောင့် ထိခိုက်မှုတွေ အတွက် လျော်ကြေးပေးဖို့၊ စစ်ပွဲ ပြန်မစဘူး ဆိုတဲ့ အာမခံချက်ပေးဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကို သုံးတဲ့ သင်္ဘောတွေ ဆီကနေ အခကြေးငွေ ကောက်ခံခွင့်ပြုဖို့ စတဲ့ တောင်းဆိုချက်တွေ ထပ်မံ ပြုလုပ်လာနိုင်ပါတယ်။
Ref: Reuters
—————————
THN Public Media
