ဖေဖေါ်ဝါရီ ၇ – ၂၀၂၆
ပါကစ္စတန် နိုင်ငံ မြို့တော် အစ္စလာမ္မာဘတ်က ဗလီတခု မှာ သောကြာနေ့ ဝတ်ပြု ဆုတောင်း နေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောပါ တယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အသေခံဗုံးခွဲ သမားဟာ ရှီယာဗလီ ဂိတ်တံခါးဆီ ချဉ်းကပ် လာပြီးနောက် ဗုံးဖောက်ခွဲ ခဲ့တာဖြစ်ပါတယ်။
ဗလီ အစောင့်တွေက တိုက်ခိုက်သူကို ဗလီ အပြင်ဂိတ် တံခါးနေရာမှာ ဟန့်တားဖို့ ကြိုးပမ်းခဲ့ပေမယ့် တိုက်ခိုက်သူက ပစ္စတိုနဲ့ ပြန်လည် ပစ်ခတ် ခဲ့ရာ အစောင့်နှစ်ဦး ဒဏ်ရာရသွားပြီးနောက် အထဲကို ဝင်ရောက် သွားခဲ့ တာ ဖြစ်ပါတယ်။
အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS က ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်ကြောင်း နောက်ပိုင်းမှာ ကြေညာခဲ့ပြီး၊ တိုက်ခိုက်သူလို့ ယူဆရသူ ရဲ့ နာမည်နဲ့ ဓာတ်ပုံကိုပါ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
IS အဖွဲ့ဟာ Telegram ချန်နယ်တွေက တဆင့် တိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်ကြောင်း သူတို့ရဲ့ ပါကစ္စတန်ပြည်နယ် ဌာနခွဲ နာမည်နဲ့ သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
IS ရဲ့ Amaq သတင်းဌာန ကလည်း အသေးစိတ် အချက်အလက်တွေကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က အခုလို တိုက်ခိုက်မှုကို ရှုတ်ချ ခဲ့ပြီး အလွန်တရာ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကာ၊ စုံစမ်း စစ်ဆေး မှုတွေ အသေအချာ ပြုလုပ်ဖို့နဲ့ တိုက်ခိုက်မှု နောက်ကွယ်က သူတွေကို ချက်ချင်းဖော်ထုတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ပါကစ္စတန်သမ္မတ Asif Ali Zardari က အပြစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားတာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု ဖြစ်တယ် လို့ သီးခြားထုတ်ပြန်ချက်မှာ ပြောကြားလိုက်ပြီး၊ ကာကွယ်ရေး ဝန်ကြီး Khawaja Asif ကတော့ ဒီ တိုက်ခိုက်မှု နောက်ကွယ် မှာ အိန္ဒိယနဲ့ အာဖဂန်နစ္စတန်တို့ ရှိနေနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ ပါတယ်။
တိုက်ခိုက်သူဟာ အာဖဂန်နစ္စတန် ကို အသွားအပြန် လုပ်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပြီ ဖြစ်သလို၊ အိန္ဒိယနဲ့ အာဖဂန် အကြား ပူးပေါင်း ကြံစည်မှုတွေ ပေါ်ပေါက်လာနေတယ် လို့ ဝန်ကြီး Asif က လူမှုကွန်ရက် မှာ ရေးသားထားပါတယ်။
အာဖဂန်နစ္စတန် တာလီဘန် အစိုးရက Khawaja Asif ရဲ့ မှတ်ချက်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့ပြီး၊ ပါကစ္စတန်ဝန်ကြီး ဟာ ခိုင်လုံတဲ့ မည်သည့် အထောက်အထားမှ မပြနိုင်ဘဲ ဒီဖြစ်ရပ်ကို အာဖဂန် နစ္စတန်နဲ့ ပတ်သက် နေတယ်လို့ အလျင်စလို စွပ်စွဲဖို့ ကြိုးပမ်းခဲ့တာ ဖြစ်တယ်’’ လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး သေဆုံး သူတွေ အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ကာ၊ ၎င်းတို့ ပါဝင် ပတ်သက် နေနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အခြေအမြစ်မရှိ ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောရေးဆိုခွင့် ရှိသူက ဒီတိုက်ခိုက်မှုကို အပြင်းထန်ဆုံး ရှုတ်ချခဲ့ပြီး၊ တာဝန်ရှိသူတွေကို ဖော်ထုတ်ကာ တရားစီရင်ဖို့ တောင်းဆိုခဲ့ပါတယ်။
ပါကစ္စတန် ပဋိပက္ခနှင့် လုံခြုံရေးလေ့လာရေးအဖွဲ့ PICSS ရဲ့ ပြောကြားချက် အရ ပါကစ္စတန်မှာ အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃၄၁၃ ဦး သေဆုံးခဲ့ပြီး ဒါဟာ ၂၀၂၄ က ၁၉၅၀ ဦး ရှိရာ ကနေ မြင့်တက် လာတာ လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ လက်နက်ကိုင် ၂၁၃၈ ဦး ပါဝင်ကြောင်း သိရပါတယ်။
ref: bbc
photo: getty
—————————
THN Public Media
