ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိန္ဒိယ ခရီးစဥ်ကို စတင်လိုက်ပြီ ဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရန္ဒရာ မိုဒီနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ထိပ်သီး အစည်း အဝေး ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
အမေရိကန်က အိန္ဒိယကို ရုရှားဆီက ရေနံဝယ်ယူမှု ရပ်တန့်ဖို့ ဖိအား ပေးပြီး လပိုင်းမှာပဲ ပူတင် အိန္ဒိယကို ရောက်ရှိလာကာ ခရီးစဉ် အတွင်း နယူးဒေလီနဲ့ မော်စကို အကြား သဘောတူညီချက် များစွာကို လက်မှတ် ရေးထိုးမယ်လို့ မျှော်လင့်ရပါတယ်။
သမ္မတ ပူတင် ခရီးစဥ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်အစိုးရက ယူကရိန်း စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားနဲ့ ယူကရိန်း အကြား ဆွေးနွေးပွဲတွေ ဆက်တိုက် ပြုလုပ်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အိန္ဒိယနဲ့ ရုရှား ဟာ ဆယ်စုနှစ်များစွာ နီးကပ်တဲ့ မဟာမိတ်တွေ ဖြစ်ခဲ့ ကြပြီး ပူတင်နဲ့ မိုဒီတို့ အကြားလည်း နွေးထွေးတဲ့ ဆက်ဆံရေး ရှိပါတယ်။
သူတို့နှစ်ဦး အချင်းချင်းကြား တဘက် နဲ့ တဘက် ဘာတွေ လိုအပ် နေကြလဲ ဆိုတာ သုံးသပ်ချက်များစွာ ထွက်ပေါ်နေပါတယ်။
–
အထူးမိတ်ဘက် ဆက်ဆံရေး၊ #ကုန်သွယ်ရေး သဘောတူညီချက်များနှင့် ပထဝီ နိုင်ငံရေး
—————————–
အိန္ဒိယနိုင်ငံဟာ လူဦးရေ ၁.၅ ဘီလီယံနီးပါးရှိပြီး စီးပွားရေးတိုးတက်မှု ၈% ကျော် ရှိကာ ကမ္ဘာပေါ်မှာ အလျင်မြန် တိုးတက်နေတဲ့ အဓိက စီးပွားရေး နိုင်ငံဖြစ်ပါတယ်။
ဒါဟာ ရုရှားထုတ်ကုန်တွေနဲ့ ရေနံ လို အရင်းအမြစ်တွေ အတွက် အလွန် တရာမှ ဆွဲဆောင်မှုရှိတဲ့ ဈေးကွက်တခု ဖြစ်စေပါတယ်။
အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ရေနံစိမ်း တတိယ အများဆုံး သုံးစွဲတဲ့ နိုင်ငံ ဖြစ်ပြီး ရုရှားကနေ ပမာဏများစွာ ဝယ်ယူနေခဲ့ပါတယ်။
ခရင်မလင်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခြင်း မပြုမီက အိန္ဒိယဟာ ရုရှားကနေ ရေနံတင်သွင်းမှု ၂.၅% သာ ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရုရှားတို့က ယူကရိန်း စစ်ပွဲ စတဲ့ အချိန်မှာတော့ မော်စကို အပေါ် ပိတ်ဆို့ အရေးယူမှုတွေ နဲ့ ရုရှား ရေနံ ဈေးနှုန်း လျှော့ချ ခံရကာ ဥရောပ ဈေးကွက်မှာ ကန့်သတ် ခံရတာတွေကြောင့် အိန္ဒိယက အခွင့်ကောင်း ယူပြီး ရုရှား ရေနံ ၃၅% အထိ တိုးမြှင့် ဝယ်ယူခဲ့တာပါ။
ဒါကို ဝါရှင်တန်က မကျေနပ်ပါ။
အခုနှစ် အစောပိုင်းမှာ ထရမ့်အစိုးရက ရုရှားဆီက ရေနံဝယ်ယူခြင်းဖြင့် ခရင်မလင် စစ်စရိတ်ကို ထောက်ပံ့ နေတာလို့ စွပ်စွဲကာ အိန္ဒိယ ကုန်ပစ္စည်း တွေ အပေါ် နောက်ထပ် အခွန် ၂၅% တိုးမြှင့် ကောက်ခံခဲ့ ပါတယ်။
အဲဒီနောက် အိန္ဒိယရဲ့ ရုရှားဆီက ရေနံဝယ်ယူမှု ကျဆင်းသွားခဲ့ပါတယ်။
ရုရှား အနေနဲ့ ကတော့ အိန္ဒိယနဲ့ ပတ်သက်ပြီး နောက်ထပ် ဦးစားပေး ကိစ္စ ကတော့ လက်နက်ရောင်းချဖို့ ဖြစ်ပြီး ဒါဟာ ဆိုဗီယက်ခေတ် ကတည်းက ဖြစ်ခဲ့တာပါ။
ပူတင် ခရီးစဉ် မတိုင်မီ အိန္ဒိယဟာ ရုရှားရဲ့ ခေတ်မီ တိုက်လေယာဉ် တွေနဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ ဝယ်ယူဖို့ စီစဉ်နေကြောင်း သတင်း တွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် လုပ်သား ရှားပါးမှုနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားဟာ ကျွမ်းကျင် လုပ်သားတွေ အတွက် အိန္ဒိယကို တန်ဖိုးရှိတဲ့ ရင်းမြစ် တခု အဖြစ်လည်း ရှုမြင်နေပါတယ်။
နောက်တချက်ကတော့ #ပထဝီနိုင်ငံရေး ဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် အနောက်နိုင်ငံတွေက ရုရှားကို အထီးကျန် ဖြစ်အောင် လုပ်ဆောင်မှုတွေ မအောင်မြင်ကြောင်း ခရင်မလင်က ပြသလိုပါတယ်။
ဒီအတွက် အိန္ဒိယကို သွားရောက်ပြီး ဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံတာဟာ ရုရှား အတွက် နည်းလမ်းတခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သုံးလက တရုတ်နိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် နှစ် ၈၀ ပြည့် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြပွဲကို ပူတင် နဲ့ မိုဒီတို့ တက်ရောက်ခဲ့ပြီး ရှီကျင်ပင်းနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ၊ မိုဒီနဲ့ တွေ့ဆုံခဲ့တာတွေ အပြင် ခေါင်းဆောင်သုံးဦး အတူပြုံးကာ စကားပြောနေတဲ့ ပုံရိပ်ဟာ မော်စကို ဘက်မှာ အင်အားကြီးမားတဲ့ မဟာမိတ်တွေ ရှိနေကြောင်း ရှင်းလင်းတဲ့ သတင်းစကား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ မော်စကိုနဲ့ ဥရောပသမဂ္ဂ အကြား တင်းမာနေတဲ့ ဆက်ဆံရေးနဲ့ သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ref: bbc
—————————
THN Public Media
