ဖေဖော်ဝါရီ ၁၀ – ၂၀၂၆
မကွေးတိုင်း ၊ ပေါက်မြို့နယ် တောင်ပိုင်း ချက်ကန်ရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု ကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မနက် ၁၀ နာရီလောက်က စပြီး ၁၁ နာရီလောက် အထိ စစ်တပ်ကနေ လေကြောင်းနဲ့ ဆက်တိုက် ကြဲချ တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ရေးသတင်းရင်းမြစ်က ” လူဒါဇင်ချီ သေတယ် တော့ သိရတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်။ များတယ် သိရတယ်။ ကျန်တဲ့ အခြေအနေကတော့ မသိရသေးဘူး ။ ” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတဲ့ ချက်ကန်ရွာမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပေမယ့် ပေါက်မြို့နယ် တောင်ပိုင်းထဲက ကျေးရွာ တချို့ ဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေတယ်လို့ သိရပါတယ်။
ပေါက်မြို့နယ်မှာ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု တွေနဲ့အတူ စစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရတယ်။
လက်ရှိ ပေါက်မြို့နယ်မှာ စစ်ရိပ်သန်းလာတဲ့ အခြေအနေကြောင့် သစ်ချိုကုန်းရွာ အပါအဝင် ကျေးရွာ ခြောက်ရွာက အိမ်ထောင်စု ၁၁၀၀၊ လူဦးရေ ၅၀၀၀ နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
ပေါက်မြို့နယ် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ထွက်လာတဲ့ စစ်ကြောင်းဟာ ပြည်သူ့စစ်တွေ ရှိရာ သစ်ချိုကုန်း ကျေးရွာကနေ တဆင့် အနီးနားက ရွာတွေကို နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ PDF တွေက သတင်း ထုတ်ပြန်ထားပါတယ်။
လက်ရှိ စစ်ရေး အခြေအနေတွေနဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ထားခြင်း မရှိသေးပါ။
Photo – CJ
Crd – VOM
—————————
THN Public Media
