မေလ ၉ – ၂၀၂၆
အရင်က တခါမှ မမြင်ဖူးသေးတဲ့ UFO (အမည်မသိပျံနေတဲ့အရာ) ဆိုင်ရာ မှတ်တမ်းတွဲတွေကို ပင်တဂွန်က ထုတ်ပြန်လိုက်ရာမှာ ကမ္ဘာပေါ်က အရပ်သား တွေနဲ့ လပေါ်ရောက် အာကာသယာဉ်မှူးတွေ မြင်တွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ မြင်ကွင်းတွေ အကြောင်း ဖော်ပြချက်တွေ ပါဝင်လာပါတယ်။
ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဒီလျှို့ဝှက်မှတ်တမ်း တွေကို သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ညွှန်ကြားချက်အရ လျှို့ဝှက်အဆင့်ကနေ ပယ်ဖျက် ပြီး သောကြာနေ့မှာ အွန်လိုင်းပေါ် တင်ပေးခဲ့တာဖြစ်ကာ သမ္မတ ကတော့ “ပြည်သူတွေ အလွန်အမင်း စိတ်ဝင်စားနေကြတဲ့အပေါ် အခြေခံပြီး” အခုလို ထုတ်ပြန် ပေးတာလို့ အစောပိုင်းမှာ ပြောကြားခဲ့ဖူး ပါတယ်။
မကြာသေးမီနှစ်တွေ အတွင်း အမေရိကန်ပြည်သူတွေ ကြားမှာ ကမ္ဘာ ပြင်ပ သက်ရှိတွေ အပေါ် စိတ်ဝင်စားမှု တကျော့ပြန် ပြင်းထန်လာခဲ့တာပါ။
၂၀၂၂ ခုနှစ်မှာ လွှတ်တော်ကနေ UFO နဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ် ကြားနာပွဲတွေ ပြုလုပ်ခဲ့သလို၊ စစ်ဘက် ကလည်း ဒီကိစ္စနဲ့ ပတ်သက်ရင် ပိုမို ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဆောင် ပေးမယ်လို့ ကတိပေးထားခဲ့ပါတယ်။
အခုဆိုရင် ဖိုင်ပေါင်း ၁၆၁ ဖိုင်ကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်ပြီး ရှေ့ဆက်ပြီးတော့လည်း ထပ်မံ ထုတ်ပြန် ပေးသွားဖို့ ရှိနေပါတယ်။
–
#သမ္မတဟောင်း အိုဘားမားရဲ့ မှတ်ချက်နဲ့ ထရမ့်ရဲ့ ညွှန်ကြားချက်
————————-
အခုလို ဖိုင်တွေ ထုတ်ပြန်လာတာဟာ သမ္မတဟောင်း အိုဘားမားက ဖေဖော်ဝါရီလ အင်တာဗျူး တခုမှာ ဂြိုဟ်သားတွေဟာ “တကယ်ရှိ ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တော့ မမြင်ဖူးဘူး” လို့ ပြောခဲ့ပြီး နောက်မှာ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာခဲ့တာပါ။
အိုဘားမား ကတော့ သူ့ရဲ့မှတ်ချက်ကို နောက်ပိုင်းမှာ ပြန်လည်ရှင်းလင်း ခဲ့ပြီး စာရင်းအင်းတွေ အရ ဆိုရင်တော့ အပြင်လောကမှာ သက်ရှိတွေ ရှိနိုင်တဲ့ အခွင့်အလမ်း ရှိပေမဲ့ သူ သမ္မတ အဖြစ် တာဝန်ယူစဉ် မှာတော့ “ဘာသက်သေ အထောက်အထားမှ မတွေ့ခဲ့ရဘူး” လို့ ဆိုပါတယ်။
အဲဒီလနှောင်းပိုင်း မှာတော့ သမ္မတထရမ့်က “ဂြိုဟ်သားနဲ့ ကမ္ဘာပြင်ပ သက်ရှိတွေ၊ မသိရသေးတဲ့ ဝေဟင်ဖြစ်စဉ် UAP တွေနဲ့ ပန်းကန်ပြားပျံ UFO တွေ နဲ့ သက်ဆိုင်တဲ့ ဖိုင်တွေကို ထုတ်ပြန်ဖို့ ပင်တဂွန်ကို ညွှန်ကြားခဲ့ ပါတယ်။
သောကြာနေ့က ထွက်ပေါ်လာတဲ့ ဖိုင်တွေထဲမှာတော့ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်ခဲ့တဲ့ လျှို့ဝှက် စစ်ဘက်မှတ်တမ်းတွေ၊ အပိုလို လကမ္ဘာ မစ်ရှင်တွေက အစီရင်ခံစာတွေနဲ့ ထူးဆန်းတဲ့ အရာဝတ္ထုတွေကို မြင်တွေ့ခဲ့ရ တယ်လို့ ပြောဆိုသူတွေရဲ့ မှတ်တမ်းတွေ ပါဝင်လာပါတယ်။
–
#လကမ္ဘာမစ်ရှင်က အာကာသယာဉ်မှူးတွေရဲ့ တွေ့မြင်ခဲ့ရမှုများ
—————————–
ဒီဖိုင်တွေထဲမှာ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန် နှစ်တွေက အပိုလို ၁၁၊ ၁၂ နဲ့ ၁၇ လကမ္ဘာ ဆင်းသက်ရေး မစ်ရှင်တွေက အာကာသယာဉ်မှူးတွေ ပြောကြား ခဲ့တဲ့ လျှို့ဝှက် မှတ်တမ်းတွေ ပါဝင်နေပါတယ်။
အပိုလို ၁၁ မစ်ရှင်က နာမည်ကျော် အာကာသယာဉ်မှူး Buzz Aldrin ကတော့ သူ့ရဲ့ လခရီးစဉ် အတွင်း ရှင်းပြလို့မရတဲ့ ဖြစ်ရပ်အချို့ကို မြင်တွေ့ခဲ့ရတယ်လို့ ၁၉၆၉ ခုနှစ်က အင်တာဗျူးတခုမှာ ပြောခဲ့ဖူးကြောင်း ဒီမှတ်တမ်းတွေအရ သိရပါတယ်။
“လေဆာရောင်ခြည်လို့ ယူဆရတဲ့ အလွန်တောက်ပတဲ့ အလင်းရင်းမြစ် တခုကို ကျွန်တော် သတိပြုမိခဲ့တယ်” လို့ သူက ဆိုပါတယ်။
၁၉၆၉ ခုနှစ်မှာ လပေါ် လမ်းလျှောက်ခဲ့တဲ့ အပိုလို ၁၂ အာကာသယာဉ်မှူး Alan Bean ကတော့ မစ်ရှင်အတွင်း အာကာသထဲကို “လွင့်ပျံသွားတဲ့” အလင်းစက်တွေနဲ့ အလင်းတန်းတွေကို မြင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
အဲဒီအလင်းစက်တွေဟာ “လပေါ်ကနေ ထွက်ပြေးနေသလိုပဲ” လို့ သူက တင်စားခဲ့ပါတယ်။
၁၉၇၂ ခုနှစ်က အပိုလို ၁၇ မစ်ရှင်က အာကာသယာဉ်မှူး နှစ်ဦး ကလည်း အာကာသ ယာဉ်ပေါ်မှာ ရှိနေတုန်း လက်ခနဲ လင်းလာတဲ့ အလင်းတွေကို မြင်ရကြောင်း အစီရင်ခံခဲ့ပါတယ်။
“အပြင်မှာ အမေရိကန် လွတ်လပ်ရေးနေ့ မီးရှူးမီးပန်းတွေ ဖောက်နေ သလိုပဲ” လို့ အာကာသယာဉ်မှူး Jack Schmitt က ပြောခဲ့တာပါ။
ဒါပေမဲ့ အဲဒီအလင်းတွေဟာ ရေခဲတုံးတွေ ကနေ အလင်းပြန်တာလည်း ဖြစ်နိုင်တယ်လို့ သူတို့က ဖြည့်စွက်ပြောခဲ့ပါတယ်။
နောက်ထပ် ထုတ်ပြန်လိုက်တဲ့ ဖိုင်တခုမှာတော့ ၁၉၆၅ ခုနှစ် Gemini 7 အာကာသ ခရီးစဉ်က အသံသွင်း မှတ်တမ်း ပါဝင်နေပြီး အာကာသ ယာဉ်မှူး Frank Boman က မြေပြင် ထိန်းချုပ်ရေး စခန်းမှာ အမည်မသိ အရာဝတ္ထု တခု မြင်တွေ့ရကြောင်း အစီရင်ခံနေတာကို ကြားရပါတယ်။ သူက အာကာသယာဉ်ရဲ့ ဘယ်ဘက်ခြမ်းမှာ “အမည်မသိ လေယာဉ်” Bogey တစီးနဲ့ “သန်းပေါင်းများစွာသော အမှုန်အမွှား လေးတွေ” ကို မြင်နေရတယ်လို့ NASA ကို ပြောပြခဲ့တာပါ။
–
#အလင်းတန်းတွေထဲကနေ ထွက်ပေါ်လာတဲ့ ဝဲပျံနေတဲ့ အရာဝတ္ထုများ
————————————————
ဆယ်စုနှစ်များစွာက မှတ်တမ်းတွေထဲမှာ မသိရသေးတဲ့ ဖြစ်စဉ် UAP တွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ် ဆိုတဲ့ အရပ်သားတွေရဲ့ တိုင်ကြားချက် ဒါဇင်ပေါင်း များစွာလည်း ပါဝင်ပါတယ်။
ဖိုင်တခုမှာတော့ ၁၉၅၇ ခုနှစ်တုန်းက အမျိုးသားတဦးက FBI နဲ့ အင်တာဗျူး ရာမှာ မြေပြင်ပေါ် ကနေ တက်လာတဲ့ ဝိုင်းဝန်းပြီး ကြီးမားတဲ့ ယာဉ်တစီးကို မြင်တွေ့ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာနဲ့ အောက်တိုဘာလတွေ အတွင်းမှာ လည်း အမေရိကန် နိုင်ငံသားတွေက တောက်ပတဲ့ အလင်းတန်းတွေ ထဲကနေ သတ္တုရောင် ဝဲပျံနေတဲ့ အရာဝတ္ထုတွေ ထွက်ပေါ်လာတာကို မြင်တွေ့ခဲ့ရကြောင်း အစီရင်ခံထားတဲ့ အင်တာဗျူးတွေလည်း ရှိနေ ပါတယ်။
–
#အီရတ် ဆီးရီးယားနဲ့ UAE မှာ စစ်တပ်ရဲ့ တွေ့မြင်ချက်များ
————————
ဒီဖိုင်တွေထဲမှာ ၂၀၂၂ ခုနှစ်က အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန် စစ်တပ်က ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တို လေးတွေလည်း ပါဝင်ပါတယ်။
အီရတ်၊ ဆီးရီးယားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE တို့ကနေ ရိုက်ကူးထားတဲ့ ဒီရုပ်သံတွေမှာ ပင်တဂွန် ဝက်ဘ်ဆိုက်က “ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့ အမည်မသိ ဖြစ်စဉ်များ” လို့ ခေါ်ဆိုထားတဲ့ မြင်ကွင်းတွေ ပါဝင်နေတာပါ။
၂၀၂၂ ခုနှစ်က အရှေ့အလယ်ပိုင်း ဒေသတခုမှာ ရိုက်ကူးထားတဲ့ ရုပ်သံတခု မှာတော့ ဘဲဥပုံသဏ္ဍာန် အရာဝတ္ထုတခု ဘယ်ကနေ ညာကို အရှိန်နဲ့ ပျံသန်းသွား တာကို တွေ့ရပြီး၊ ဒါဟာ “ဒုံးကျည်တခု ဖြစ်နိုင်တယ်” လို့ အစီရင်ခံစာမှာ မှတ်ချက်ပြုထားပါတယ်။
–
#လွှတ်တော်အမတ်တွေ ရဲ့ သဘောထား
———————–
အစိုးရရဲ့ UFO မြင်တွေ့မှုတွေအပေါ် ပွင့်လင်းမြင်သာမှုရှိစေဖို့ အမြဲတစေ တောင်းဆိုနေတဲ့ တင်နက်ဆီပြည်နယ်က ရီပတ်ဘလစ်ကန် လွှတ်တော် အမတ် Tim Burchett ကတော့ ပင်တဂွန်ရဲ့ အခုလို ဖိုင်တွေ ထုတ်ပြန် ပေးမှုကို ကြိုဆိုခဲ့ပြီး ဒါဟာ “အစကောင်းတခုပဲ” လို့ X လူမှုကွန်ရက် မှာ ရေးသားခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ်က ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် Anna Paulina Luna ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှုကို လိုလားသူဖြစ်ပြီး၊ အခုလို ထုတ်ဖော်ပြသမှုကို “လမ်းမှန် ပေါ်ကို လှမ်းလိုက် တဲ့ ကြီးမားတဲ့ ပထမဆုံးခြေလှမ်း” လို့ ပြောကြားခဲ့ ပါတယ်။
ဒါပေမဲ့ တချိန်က ထရမ့်ရဲ့ မဟာမိတ်ဖြစ်ခဲ့ဖူးပြီး အခုတော့ လွှတ်တော် ကနေ ထွက်သွားခဲ့ပြီဖြစ်တဲ့ Marjorie Taylor Greene ကတော့ ဒီမှတ်တမ်းတွေ ထုတ်ပြန်တာဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အီရန်စစ်ပွဲ လိုမျိုး အမေရိကန် တွေ ရင်ဆိုင်နေရတဲ့ ပိုပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေ ကနေ အာရုံလွှဲဖို့ လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
“လူတွေရဲ့ အာရုံကို လျှောက်လွှဲနေတဲ့ အစိုးရရဲ့ ဝါဒဖြန့်မှုတွေကို တကယ်ပဲ စိတ်ပျက်မိပါတယ်” လို့ သူမက X မှာ ရေးသားခဲ့ပါတယ်။
—————————
THN Public Media
