THN Public Media Blog သတင်း နိုင်ငံရေး ပြည်ခိုင်ဖြိုး လွှတ်တော်နဲ့ စစ်တပ်အစိုးရ ဖြစ်လာမယ့် နိုင်ငံတော်
နိုင်ငံရေး ပြည်တွင်း

ပြည်ခိုင်ဖြိုး လွှတ်တော်နဲ့ စစ်တပ်အစိုးရ ဖြစ်လာမယ့် နိုင်ငံတော်

မတ်လ ၁၉ – ၂၀၂၆

စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲ အပြီး လွှတ်တော်တွေခေါ်ယူရာမှာ ကိုယ်စားလှယ်အများစု အနိုင်ရတဲ့ (စစ်ဗိုလ်ချုပ်တွေလည်း ဝင်ရောက် ခဲ့တဲ့) လက်ရှိ တခုတည်းသော အင်အားအကြီးဆုံး နဲ့ စစ်တပ် ကျောထောက် နောက်ခံပြု ပြည်ခိုင်ဖြိုး ပါတီက ဥက္ကဌ ဦးခင်ရီဟာ သမ္မတ ဖြစ်ခွင့် မရဘဲ ပြည်သူ့လွှတ်တော် ဥက္ကဌ အထိုင် ကနေ ဥပဒေပြုရေးနဲ့ ပေါ်လာမယ့် အစိုးရပိုင်းကို ထိန်းကျောင်းမယ့် အနေအထား ဖြစ်သွားပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ နေရာကိုတော့ ပြည်ခိုင်ဖြိုး ကနေပဲ ဝင်အရွေးခံ အနိုင်ရခဲ့တဲ့ စစ်ကောင်စီ အတွင်းရေးမှူး လုပ်ခဲ့သူ လက်ရှိ ကာလုံ အမှုဆောင် ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေး က နေရာယူ ကစားမှာ ဖြစ်ပါတယ်။

လွှတ်တော် ၂ ရပ် အထိုင်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေး အကဲခတ် သုံးသပ်သူ အားလုံး တွက်ဆ မျှော်လင့်ထားသလို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်တပ်အကြီးဆုံး ရာထူးကို ထားခဲ့ပြီး သမ္မတ နေရာ ယူဖို့ အတွက် အမိန့်တော် ချမှတ်ထားပြီလို့ မှတ်ယူနိုင်ပါပြီ။

ဒီအတွက် တစုံလုံ ခြုံကြည့်ရင် စစ်တပ်က အစိုးရလုပ်ပြီး ပြည်ခိုင်ဖြိုးက လွှတ်တော် အထိုင် ကနေ ကစားတော့မှာ ဖြစ်ပါတယ်။

ဒီနေရာမှ တပ်ချုပ် အနေနဲ့ သူလက်လွှတ်ခဲ့မယ့် စစ်တပ်ကနေ သမ္မတ ဖြစ်လာမယ့် သူ့ကို ဆက်ပြီး နာခံစေဖို့ သူဘယ်လို စီမံ လုပ်ဆောင်ခဲ့မလဲ ဆိုတာ စိတ်ဝင် စားစရာ အကောင်းဆုံး ကစားကွက်ဖြစ်ပါတယ်။

စစ်တပ်အတွင်း အခုအချိန်မှာ အထူးခြားဆုံး အပြောင်းအလဲ ကတော့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ခန့်အပ် လိုက်တာ ဖြစ်ပါတယ်။

တကယ်တမ်း အစဥ်အလာ အရ ဒုချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန် ၂ ခုစလုံးကို တဦးတည်းက ကိုင်တွယ်တာ ဖြစ်ပြီး လက်ရှိ ဒုချုပ်စိုးဝင်း က ရာထူး ၂ ခု စလုံး ကိုင်ထားရာ ကနေ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ရာထူးကို ခွဲထုတ်ပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကိုပေးလိုက်ရတာ ဖြစ်ပါတယ်။

ဒီအတွက် တပ်မတော် အင်္ဂါစဥ် အရ လက်ရှိမှာ

၁။ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂။ ဒုတပ်ချုပ် စိုးဝင်း

၃။ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး

၄။ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊

၅။ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊

၆။ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တို့ ဖြစ်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ၂၀၁၀ အပြောင်းအလဲ အပြီး ၂၀၁၁ မှာတော့ ဦးသန်းရွှေရော ဒုချုပ်မောင်အေးပါ အနားယူခဲ့ပြီး အဲံဒီတုန်းက ညှိနှိုင်း ကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကို တပ်ချုပ်ဖြစ်စေခဲ့တာပါ။

အခုတော့ ဒုချုပ်နဲ့ ကာချုပ်(ကြည်း) ကို ခွဲလိုက်တဲ့ အတွက် ဒုချုပ် စိုးဝင်းဟာ တပ်ချုပ်ဖြစ်လာမယ့် အစီအစဥ်လို့ ရှုမြင်ရပြီး တပ်ချုပ် ဖြစ်လာမယ်လို့ နာမည်ကြီးနေတဲ့ ညှိကွပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကတော့ ဒီရာထူး အတိုင်း ဆက်ရှိနေနိုင်ပါတယ်။

ပေါက်ကြားထွက် ပေါ်လာတဲ့ သတင်းတွေအရ ကျော်စွာလင်းဟာ တခြား ဗိုလ်ချုပ်ကြီးတွေ ဒုဗိုလ်ချုပ်ကြီးတွေ ထက် များစွာ ဂျူနီယာ ကျပေမယ့် သူဟာ ညှိကွပ်အနေနဲ့ တခြား စီနီယာတွေ အပေါ် ဆက်ဆံရေး အလွန် မောက်မာ တဲ့အတွက် မကျေနပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အခုလို တပ်ချုပ်နေရာ လောလောဆယ် မရဘဲ ကျန်ခဲ့တာလို့ သုံးသပ်ကြပါတယ်။

ဒီအတွက် လက်ရှိတပ်ချုပ်က သမ္မတ နေရာ ထိုင်ပြီဆိုရင် ဒုချုပ်စိုးဝင်းက တပ်ချုပ်ဖြစ်လာပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အရင် အစဥ်အလာအတိုင်း ဒုချုပ်နဲ့ ကာချုပ်(ကြည်း) ကို ပူးတွဲ တာဝန်ယူနိုင်ပါတယ်။

အဲဒီတော့ စစ်တပ် အစိုးရ အပေါ် မဲရလဒ်နဲ့ နေရာ အများစု ရလာတဲ့ ပြည်ခိုင်ဖြိုး လွှတ်တော် ကနေ ဖိအားပေး ထိန်း‌ကျောင်းတာတွေ ဖြစ်လာ မလေား ဆိုတာ မေးခွန်းဖြစ်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဦးခင်ရီဟာ လက်ရှိ တပ်ချုပ်ထက် စစ်ဘက်မှာ စီနီယာ ကျသူ ဖြစ်ပါတယ်။

ဒီအတွက် အရင် ၂၀၁၀ တုန်းက သူရဦးရွှေမန်း နဲ့ ပြည်ခိုင်ဖြိုး အကြား အာဏာသိမ်းပွဲ ဖြစ်ခဲ့သလို အလားတူ ပွတ်တိုက်မှုတွေ ဖြစ်စေနိုင်မလား?

ဒီနေရာမှာ သမ္မတ ဖြစ်လာမယ့်သူက သူ့စိတ်ကြိုက် ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းဖို့ ဥပဒေ တရပ်ကို ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်ထားပြီ ဖြစ်ပါတယ်။

ဒီ ကောင်စီ ကနေ လွှတ်တော် က သမ္မတကို ဖိအားပေးနိုင်မယ့် အာဏာ ကို အားလျော့စေဖို့ သို့တည်းမဟုတ် ဘေးဖယ်ထားနိုင်ဖို့ သမ္မတ ရဲ့ အရန် အာဏာ အဖွဲ့အစည်း အနေနဲ့ ဖြစ်လာနိုင်ပါတယ်။

ဒီအတွက် စစ်တပ်က ဦးစီးမယ့် အစိုးရသစ်ဟာ အကြွင်းမဲ့ အာဏာ ယူထားမှာ ဖြစ်လို့ လွှတ်တော်နဲ့ အပေးအယူ တည့်မလား ပွတ်တိုက်မှုတွေ ကြီးထွားလာမလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version