ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့ အစီအစဥ်ကို ဒီကနေ့ မနက် ၁၀ နာရီက အွန်လိုင်းကနေ ကျင်းပခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က သတင်း ထုတ်ပြန် ထားပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်း ပြောကြားခဲ့ကြပါတယ်။
ဒီကနေ့ အစည်းအဝေးကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR) ပူးတွဲဥက္ကဋ္ဌ (Hon. Charles Santiago) မစ္စတာ ချာလ်းစ်ဆန်တီရေဂိုက လည်း တက်ရောက် အမှာစကားပြောကြားခဲ့ ပါတယ်။
အဲဒီနောက် CRPH နဲ့ NUG တို့ရဲ့ လုပ်ငန်း အစီရင်ခံစာတွေကို လွှတ်တော်မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။
အဆိုတခုကိုလည်း တင်သွင်းခဲ့ရာ “မြန်မာနိုင်ငံ၌ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အစိုးရ အပါအဝင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာ အသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုဖြစ်ပြီး မနက်ဖြန် ဒုတိယနေ့မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
—————————
THN Public Media
