THN Public Media Blog သတင်း ပြည်တွင်း ပြည်သူ့ပါတီ ရဲ့ ဦးလွင်မြင့် က “အရေးတော်ပုံ” ၊ “တော်လှန်ရေး” စကားတွေ သုံးနှုန်းခဲ့လို့ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ၊ မရှိ စိစစ်ပြီး အရေးယူမယ်လို့ UEC ပြော
ပြည်တွင်း

ပြည်သူ့ပါတီ ရဲ့ ဦးလွင်မြင့် က “အရေးတော်ပုံ” ၊ “တော်လှန်ရေး” စကားတွေ သုံးနှုန်းခဲ့လို့ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ၊ မရှိ စိစစ်ပြီး အရေးယူမယ်လို့ UEC ပြော

နိုဝင်ဘာ ၁၇ – ၂၀၂၅

ပြည်သူ့ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ၊ မရှိ စိစစ်ပြီး အရေးယူမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အသိပေး ထုတ်ပြန်ထားပါတယ်။

ဦးလွင်မြင့်ဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက် ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

အဲဒီ ရွေးကောက်ပွဲအတွက် ဦးလွင်မြင့်အနေနဲ့ ပြည်သူ့ပါတီရဲ့ TikTok လူမှုကွန်ရက်ကနေ တဆင့် မဲဆွယ် စည်းရုံးရေး လုပ်ဆောင်ခဲ့တာမှာ “အရေးတော်ပုံ” ၊ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးတွေကို ပြောဆို သုံးနှုန်းခဲ့တယ်လို့ သိရပါတယ်။

မဲဆွယ် စည်းရုံးရေးအတွက် ဦးလွင်မြင့် ပြောဆိုခဲ့တာက “ကျွန်တော်တို့ ပြည်သူ့ပါတီ ဆိုတာဟာ ၁၉၈၈ ဒီမိုကရေ အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ စုစည်းထားတဲ့ ပါတီ တခုဖြစ်တယ်။ ၈၈ ကျောင်းသားခေါင်းဆောင်၊ အဲဒီခေ တ်ကာလက ဗကသ ဥက္ကဋ္ဌတဦးဖြစ်တဲ့ ကိုကိုကြီး ဦးဆောင်တဲ့ ပါတီဖြစ်တယ်။ ဒါကြောင့်မို့လို့ ခေတ်အဆက်ဆက်မှာ တော်လှန်ရေးကို အစဉ် တစိုက် လုပ်လာတဲ့ ပါတီတခုဖြစ်တယ်” လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒါအပြင် ဦးလွင်မြင့်က အဲဒီ မဲဆွယ်စည်းရုံးရေး ရုပ်/သံမှာ ၎င်းတို့မိသားစုဟာလည်း နိုင်ငံရေးမျိုးဆက် သုံးဆက်တိုင်တိုင် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ပြီး ၎င်းရဲ့ဖခင်ဟာ ကိုကိုးကျွန်းပြန်ဖြစ်ကာ တပါတီ အာဏာရှင် စနစ်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ဆန့်ကျင်ခဲ့တာကြောင့် ထောင် အကြိမ်ကြိမ် ကျခဲ့သူ ဖြစ်တယ်လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒါအပြင် ၎င်းကိုယ်တိုင်ကလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့အတူ အင်းစိန်ထောင်၊ သရက် အကျဉ်းထောင်တွေမှာ အကျဉ်းကျခံခဲ့ရသလို၊ ၎င်းရဲ့ သားဖြစ်သူကလည်း ၂၀၂၁ အရေးတော်ပုံမှာ ထောင်ကျခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့ လပိုင်းကမှ ပြန်လည် လွတ်မြောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် အဲဒီ ရုပ်/သံမှာ “ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ ပြည်သူအတွက်ကို ထောင်ပဲကျကျ၊ တန်းပဲ ကျကျဆိုတဲ့ နိုင်ငံရေး အကျဥ်းသားဟောင်း တဦး ဖြစ်တယ်ဆိုတဲ့ အကြောင်း၊ ကျွန်တော်တို့ဟာ ယုံယုံကြည်ကြည်ပဲ ပြည်သူတွေအတွက် အာမခံချက် ပေးနိုင်ပါတယ်” လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒီလို ပြောဆိုခဲ့မှုတွေနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ပျက်ယွင်းမှု ရှိ၊ မရှိ Myanmar National Post သတင်းဌာနရဲ့ မေးမြန်းချက်အပေါ် UEC က အကြောင်းအရာ မှန်ကန်ပါက တရားစွဲ အဖွဲ့အစည်းတွေက သက်ဆိုင်ရာဥပဒေနဲ့ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြန်လည် ဖြေကြားထားပါတယ်။

အဲဒီလို အရေးယူ ဆောင်ရွက်ပြီးပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ သက်ဆိုင်တဲ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ဆက်လက် အရေးယူ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ UEC က ဖြေကြားထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး က “ကျွန်တော်တို့ ဒီကိစ္စ ဂဃနဏ မသိသေးဘူး။ ခုချိန်ထိ တရားစွဲတာလည်း မရှိသေးသလို ဖြစ်စဉ် အသေးစိတ် မသိရသေးတဲ့အတွက် ပြောဖို့ စောပါသေးတယ်” လို့ ပြောပါတယ်။

ဒါအပြင် ကာယကံရှင်ဖြစ်တဲ့ ပြည်သူ့ပါတီရဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့် ဟာလည်း ဖုန်း လက်ခံဖြေကြားခြင်း မရှိပါ။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၅၁၂ ယောက် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version