THN Public Media Blog သတင်း နိုင်ငံရေး ပြည်သူ့ပါတီ သင်္ယန်းကျွန်း ကိုယ်စားလှယ်လောင်း ဦးလွင့်မြင့်ကို ရဲက အမှုဖွင့်
နိုင်ငံရေး ပြည်တွင်း

ပြည်သူ့ပါတီ သင်္ယန်းကျွန်း ကိုယ်စားလှယ်လောင်း ဦးလွင့်မြင့်ကို ရဲက အမှုဖွင့်

ဒီဇင်ဘာ ၂၀ – ၂၀၂၅

ပြည်သူ့ပါတီ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဒီဇင်ဘာ ၁၈ ရက်နက်ပိုင်းက ရဲက အမှုဖွင့် လိုက်တယ်လို့ သိရပါတယ်။

ဦးလွင်မြင့် ကို ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၉ နာရီခွဲလောက်က ရဲတပ်ဖွဲ့က သူ့ရဲ့ နေအိမ် ကနေ လာရောက် ခေါ်ဆောင်သွားပြီး မြို့နယ် ရဲစခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ ည ၁ နာရီ လောက်မှာ အိမ်ကို ပြန်ပို့တယ်လို့ သိရပါတယ်။

ရဲက စစ်ဆေးရာမှာ ဦးလွင်မြင့် အနေနဲ့ NUG ကို အားပေးထောက်ခံခဲ့တာ ရှိမရှိနဲ့ ဆက်နွယ်ခြင်း ရှိမရှိကို အဓိက စစ်ဆေးတာဖြစ်ပြီး ဦးလွင်မြင့်ရဲ့ ဖုန်းကိုလည်း CID ကို ပို့ပြီး ဆက်လက် စစ်ဆေးဖို့ သိမ်းယူထားလိုက် ပါတယ်။

နောက်နေ့ မနက်မှာတော့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ရဲက ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၅၈ (ဂ) နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် ဦးလွင်မြင့်ကို အာမခံနဲ့ ပြန်ရွေးထုတ်ရာမှာ လူနှစ်ယောက် လိုအပ် နေတာကြောင့် တခြား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက အာမခံ ပေးခဲ့ တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၅၈ (ဂ) ကတော့ ‘’နည်းဥပဒေများပါ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက် တရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း’’ လို့ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် အခုအချိန်အထိတော့ ဦးလွင့်မြင့်ကို ကိုယ်စားလှယ်လောင်း အဖြစ်က ပယ်ဖျက်တာတော့ မလုပ်သေးပါ။

ဒီအတွက် အမှုကို အချိန်ဆွဲထားပြီး ဦးလွင်မြင့် အရွေးခံရတော့မှ ပြန်ဖြုတ် ချတာမျိုး လုပ်မှာကို စိုးရိမ်ဖွယ်ရှိတယ်လို့ သူနဲ့ နီးစပ်သူ တဦးက ပြောပါ တယ်။

ဦးလွင်မြင့်ဟာ အရင်လတွေတုန်းက တစ်တော့ ကနေ မဲဆွယ် စည်းရုံး ရာမှာ “အရေးတော်ပုံ” ၊ “တော်လှန်ရေး” စတဲ့ စကားတွေ သုံးနှုန်းခဲ့လို့ ဒီလို ပြောဆိုမှုတွေကြောင့် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်း ခြင်း ရှိ၊ မရှိ စိစစ် အရေးယူဖို့ သတင်းသမား တဦးက UEC တိုင်ကြား ခဲ့ဖူးပါတယ်။

ဦးလွင်မြင့်ကလည်း အဲဒီသတင်းသမားဟာ ရွေးကောက်ပွဲ ကို နှောင့်ယှက် ဖျက်ဆီးလိုသူ ဖြစ်တယ်ဆိုပြီး သတင်းမီဒီယာကောင်စီကို ပြန်လည် တိုင်ကြား ခဲ့ရာ၊ မီဒီယာကောင်စီက နှစ်ဘက်စလုံးကို ခေါ်ယူပြီး ညှိနှိုင်း ခဲ့ရာ ပြေလည်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဦးလွင်မြင့်ရဲ့ ဖေ့စ်ဘွတ်မှာ NUG ပရိုဖိုင်ပုံ တင်ခဲ့မှုနဲ့ သတင်းသမား အတော်များများက UEC ကို ထပ်မံ တိုင်ကြား မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

NUG – အမျိုးသားညီညွတ်ရေးအစိုးရ

UEC – ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version