မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာက အသက် ၁၂ နှစ်အရွယ် ကလေး တယောက် အပါအဝင်လူ ၈ ယောက်ကို လက်နက်ကိုင် အဖွဲ့ တခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
”နိုဝင်ဘာ ၅ ရက် မနက် ၁ နာရီကျော်ကျော်လောက်မှာ ဖမ်းခေါ်ခံရတာ။ မုန်းဇလဲကျေးရွာထဲကို ၁၀ ယောက် လောက်ပါတဲ့ လက်နက်ကိုင် အဖွဲ့က လာပြီး အိမ်တွေထဲ အထိ ဝင်ပြီးဖမ်းခေါ်သွားတာ။ ဆိုင်ကယ်တွေနဲ့ လာကြတာ။ အားလုံး ၈ ယောက် ဖမ်းခေါ်ခံရတယ် ။ ဒီနေ့အထိ လွတ် မလာသေးပါဘူး။”လို့ဖြစ်စဉ်ကိုသိတဲ့ ဒေသခံ တယောက်ကပြောပါတယ်။
အဲ့ဒီ ဖမ်းခေါ်ခံရတဲ့မိသားစုဝင်တွေက မုန်းဇလဲကျေးရွာက ဒေသခံတွေ ဖြစ်တဲ့ ဦးအောင်ခင်ညွန့်နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မို့မို့ထွန်း၊ သားဖြစ်သူ မောင်မြတ်ဘုန်းခန့်(၁၂ နှစ်)၊ ဦးဇော်ဝင်းမောင်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းမူ၊ ဦးခင်မောင်အေး နဲ့ညီမဖြစ်သူဒေါ်နှင်းရီ၊ ဒေါ်ခင်ပို တို့ ၈ ယောက်ဖြစ် တယ်လို့ သိရပါတယ်။
” ဖမ်းခေါ်ခံရတဲ့ ဖြစ်စဉ်က မှန်တယ်။ ဘယ်အဖွဲ့က ဖမ်းခေါ်သွားတယ် ဆိုတာ သက်ဆိုင်ရာက စုံစမ်း စစ်ဆေးနေ ပါတယ်။ ဘာကြောင့် ဖမ်းခေါ် သွားတယ်ဆိုတာ လောလောဆယ်တော့ မပြောတတ်သေးဘူး။”လို့ သက်ဆိုင်ရာရဲ တပ်ဖွဲ့နဲ့ နီးစပ်သူကပြောပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲ နဲ့ စစ်တပ် ကနေ စစ်ဆေးမှုတွေ လုပ်ဆောင်ထားပြီး ရှာဖွေကူညီ ကယ်တင်နိုင်ရေး ဆက်လက် လုပ်ဆောင် နေတယ်လို့ သိရပါတယ်။
crd – VOM
—————————
THN Public Media
