War ပြည်တွင်း

ဖလမ်းက လေယာဉ်ကွင်းနဲ့ ဗားရ်တံတားမှာ တိုက်ပွဲ ပြင်းထန်နေ

ဧပြီ ၂၃ – ၂၀၂၆

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဗားရ်ရွာကြား၊ လှောင်မွာလ်ရွာနဲ့ ဆူရ်းဘုန် လေဆိပ်ကြားမှာ ဒီကနေ့ ဧပြီ ၂၃ ရက်၊ မနက် အစောပိုင်းကစပြီး လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အတူ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ချင်းညီနောင် ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ပြန်လည် ရရှိဖို့အတွက် စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာလမှာ အင်အား အများအပြားနဲ့ စတင် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ မြို့အနီး အထိ ချဥ်းကပ်လာနိုင်ပြီဖြစ်ကာ ထိုးစစ်အရှိန် မြှင့်တင် ထားတယ်လို့ သိရပါတယ်။

“တိုက်ပွဲက ဗားရ်အထက်ပိုင်းမှာ တကြောင်း၊ လေယာဉ်ကွင်း အောက်ဘက်ပိုင်းမှာ တကြောင်း ပြင်းပြင်းထန်ထန် ဖြစ်နေတာ။ အစိုးရတပ်က မြို့ထဲနဲ့ လေယာဉ်ကွင်းကို ဒီနေ့ အရောက် ဝင်နိုင်ဖို့ လေကြောင်း ပစ်ကူတွေရော၊ လက်နက်ကြီး၊ ဒရုန်းတွေပါ ဆက်တိုက် သုံးပြီး ကြိုးစားနေတာ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ ဖလမ်းမြို့နယ်ထဲ အစိုးရတပ်တွေ ဝင်ရောက်နိုင်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကောလာဟလသာ ဖြစ်တယ်လို့ သိရပြီး နှစ်ဘက်စစ်ရေး အပြင်းထန်ဆုံး အခြေအနေမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

“တိုက်ပွဲက ကွန်ဟိန်းရွာနား ရောက်နေပြီ။ မြို့နားမှာပဲ တိုက်ပွဲရှိနေ သေးတယ်။ မြို့ထဲကို စစ်ကြောင်း မရောက်သေးဘူး။ ဒါပေမယ့် မြို့နဲ့တော့ တော်တော်လေး နီးကပ်နေပြီလို့တော့ ပြောလို့ရတယ်။ အစိုးရတပ်က ဆူရ်းဘုန်လေဆိပ်ကိုပါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အနေအထားပေါ့။ ချင်းညီနောင် ပူးပေါင်းတပ်တွေ ဘက်က ဆက်ပြီး ခုခံ တိုက်ခိုက် နေဆဲပါပဲ” လို့ သူက ပြောပါတယ်။

ဆူရ်းဘုန်လေဆိပ်ဟာ လေယာဉ်ပြေးလမ်း ပေ ၆၀၀၀ ရှိတဲ့အတွက် ART – 72 ကဲ့သို့သော သယ်ယူပို့ဆောင်ရေး ယာဉ်တွေ၊ တိုက်ပွဲဝင် ရဟတ်ယာဉ် တွေနဲ့ ထောက်လှမ်းရေး ဒရုန်းတွေအတွက် အလွန် အသုံးဝင် တာကြောင့် စစ်ရေးအရ အကျိုးအမြတ် များနိုင်တဲ့ လေဆိပ်ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ လေဆိပ်ဟာ ဖလမ်းမြို့အနောက်ဘက် ၁၃ ကီလိုမီတာအကွာမှာ တည်ရှိတာဖြစ်ပြီး ချင်းပြည်နယ်ရဲ့ ပထမဆုံး လေဆိပ်ဖြစ်ကာ ၂၀၁၃ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ခရီးသည်တင် လေယာဉ် စမ်းသပ် ဆင်းသက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖလမ်းမြို့ ပြန်လည် ထိန်းချုပ်နိုင်ဖို့နဲ့ ကလေး – ဖလမ်း လမ်းကြောင်းကို စိုးမိုးနိုင်ဖို့ အတွက် အမှတ် (၇၇) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေ ကနေ ထုတ်နုတ် စုဖွဲ့ထားတဲ့ တပ်ရင်း ကိုးရင်း၊ အင်အား ထောင်နဲ့ချီ အသုံးပြုကာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်ပြီး ကလေးမြို့ကနေ တဆင့် ကလေး – သိုင်းငင်း – တီးတိန် – ဖလမ်း ကားလမ်းနဲ့ ကလေး – နတ်ချောင်း – ဝေဘူလ – ဖလမ်း ကားလမ်း အတိုင်း နှစ်ဖွဲ့ခွဲကာ တန်ပြန် ထိုးစစ်ဆင် နေတာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဖလမ်းမြို့နယ်က ဒေသခံ တသောင်းကျော်ဟာ အိန္ဒိယ နိုင်ငံဘက်နဲ့ မြန်မာပြည်ထဲက တခြားမြို့တွေဆီ တိမ်းရှောင်ကြတာရှိသလို အများစု ကတော့ နီးစပ်ရာ ကျေးရွာတွေနဲ့ ယာခင်းကတဲတွေဆီ စစ်ရှောင် နေကြရတာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဟာ ၎င်းတို့ရဲ့ နေရပ်တွေကို မပြန်ရဲကြသလို တောတောင်အတွင်း လနဲ့ချီ တိမ်းရှောင် နေကြရတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ရေရှည်မခံတဲ့ တိုက်ပွဲမှာ ပြည်သူတွေသာ အနစ်နာဆုံးပဲ။ စစ်ကို ဘယ်ပြည်သူမှ မလိုချင်ကြတော့ပါဘူး။ ဖလမ်းကို မရောက်ဖို့ ဝေဘူလနဲ့ သိုင်းငင်းမှာ မခုခံဘဲ မြို့နားကပ်လာမှ အသည်းအသန် ခုခံနေကြတယ်။ ဘယ်လို စစ်ဗျူဟာလဲတော့ မသိဘူး။ ကြားထဲက ပြည်သူတွေပဲ အိုးမဲ့အိမ်မဲ့၊ စားစရာ သောက်စရာမရှိ ဖြစ်ကြရတာ” လို့ စစ်ရှောင်အရေး ကူညီနေသူ တယောက်က ပြောပါတယ်။

ချင်းပြည်နယ် (တောင်ပိုင်း) ရှိ ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက် ထားသလို မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ကန်ပက်လက်၊ ဖလမ်းမြို့နယ် တွေကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထားကာ တွန်းဇံမြို့ကိုတော့ ချင်းပြည်ကောင်စီတပ်က သိမ်းပိုက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိ ချင်းပြည်နယ်အတွင်း တီးတိန်၊ ထန်တလန်နဲ့ ဟားခါး မြို့နယ် တွေသာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *