War

ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲဖျက်ဆီးခံရ

ဖေဖော်ဝါရီ ၁၇ – ၂၀၂၆

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်က သံလွင်တံတား ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက်ပိုင်းက မိုင်းခွဲ ဖျက်ဆီးခံရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

တံတားပျက်စီးမှုဟာ ဖားဆောင်းမြို့နယ်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး အဲဒီတံတား ပတ်ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စစ်ရေးတင်းမာနေတဲ့ နေရာဖြစ်တာကြောင့် KNDF က ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး တံတားပေါ် ဖြတ်သန်း သွားလာခွင့်ကို ပိတ်ပင်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီတံတား ကျိုးသွားတဲ့အတွက် ဒေသခံတွေအကုန်လုံး တော်တော်ကို စိတ်မကောင်း ဖြစ်နေကြတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်သွားပြီ။ ကုန်စည်စီးဆင်းမှု၊ စားဝတ်နေရေး အကုန် ဒုက္ခရောက်ကြရတော့မယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲဒီတံတားကို KNP, KNDF, PDF ပူးပေါင်းအဖွဲ့တွေ ဖျက်ဆီးခဲ့တာလို့ သိရပြီး ဖားဆောင်းကနေ မယ်စဲ့ကို ရောက်ရှိလာမယ့် စစ်တပ်ရဲ့ လမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ Progressive Karenni People Force – PKPF ကတော့ တံတား ပျက်စီးမှုဟာ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အလွန်အကျွံ ပစ်ခတ်မှုကြောင့် ဖြစ်တယ်လို့ အသိပေးထားပြီး အရည် အသွေး မပြည့်မီတဲ့အတွက် ဖားဆောင်းတံတား ကျိုးသွားခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီတံတားဟာ သံလွင်မြစ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကို ဆက်သွယ် ထားတာဖြစ်ပြီး လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ – ဖားဆောင်းက တဆင့် နယ်စပ်မြို့ မယ်စဲ့အထိ ပေါက်ရောက်တဲ့ အဓိက ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာ တည်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖားဆောင်း – မယ်စဲ့က ဒေသခံတွေ အဓိက သွားလာ အသုံးပြုတဲ့ တံတား တစင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ကာ တံတားအရှည် ၁၂၆ဝ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိပြီး သံမဏိ သံပေါင်တံတား အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

ဖားဆောင်းမြို့ကို “ရန်နိုင်မင်း” စစ်ဆင်ရေးနဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သတင်း ထုတ်ပြန် ထားပေမယ့် မြေပြင်မှာတော့ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Photo – CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *