THN Public Media Blog သတင်း နိုင်ငံရေး ဗိုလ်ချုပ်ကြီး ယွက်ဆစ် က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကမ္ဘာကြီးက လစ်လျူရှုထား တယ်လို့ ပြော
နိုင်ငံရေး

ဗိုလ်ချုပ်ကြီး ယွက်ဆစ် က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကမ္ဘာကြီးက လစ်လျူရှုထား တယ်လို့ ပြော

ဖေဖေါ်ဝါရီ ၁၁ – ၂၀၂၆

ရှမ်းပြည်ပြန်လည်တည်ဆောက်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား သေဆုံးနေရမှုတွေကို ကမ္ဘာကြီးက လျစ်လျူရှုထားတယ်လို့ ပြောကြားလိုက်ပါတယ်။

RCSS ဌာနချုပ် လွယ်တိုင်းလျံ မှာ ရိုက်တာရဲ့ မေးမြန်းမှုကို ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဖြေကြားခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံ တနိုင်ငံတည်း ကသာ မြန်မာနိုင်ငံ ပဋိပက္ခကို ကြားဝင်ဆောင်ရွက်နေကြောင်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“အရပ်သားတွေဟာ ဒုက္ခရောက်နေကြပါတယ်၊ ဒါကို နိုင်ငံတကာ မိသားစု အနေနဲ့ လျစ်လျူမရှုထားစေချင်ပါဘူး” လို့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်မှုအဖွဲ့ (Myanmar Peace Monitor) ရဲ့ အချက်အလက်တွေ အရ ၁၅ လ အတွင်းမှာ စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲ မှုကြောင့် အရပ်သား နေရာ ၁၀၀၀ ကျော်ကို ထိမှန်ခဲ့ပြီး စစ်တပ်က ဗုံးကြဲ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပေမဲ့ ကမ္ဘာကြီးက ဒီ မတည်ငြိမ်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ် လို့လည်း သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

“ဒီနေ့ခေတ်မှာ ကျွန်တော်တို့ ဘယ်သူ့ကို အားကိုးရမလဲ ဆိုတာတောင် မစဉ်းစားနိုင်တော့ပါဘူး” လို့လည်းသူက ဆိုပါတယ်။

၂၀၂၄ ခုနှစ် နှောင်းပိုင်းကစလို့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သား ၁၇၂၈ ဦး သေဆုံးခဲ့ရပြီး၊ လေတပ်မရှိတဲ့ ဒီမိုကရေစီရေး တော်လှန်ရေး အင်အားစုတွေရဲ့ ရှေ့တိုးတိုက်ခိုက်မှုကို နှေးကွေး စေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် ဘက်ကတော့ သူတို့ဟာ အကြမ်းဖက်သမား တွေကိုသာ ပစ်မှတ် ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီ ၇ ရက်နေ့ (၇၉) နှစ်မြောက် ရှမ်းအမျိုးသားနေ့ စစ်ရေးပြ အခမ်းအနား အပြီးမှာ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က မြန်မာနိုင်ငံက လက်နက်ကိုင် အဖွဲ့တွေအကြား ယုံကြည်မှု တည်ဆောက်ဖို့ တိုက်တွန်းခဲ့ပြီး၊ စစ်ပွဲကို အဆုံးသတ်ဖို့ နဲ့ စစ်တပ်နဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ လိုအပ် နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖြုတ်ချခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကို သူက ချီးကျူးခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတော့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ အတ္တနဲ့ လောဘကြီးတဲ့ ခေါင်းဆောင်မှု ကြောင့် ဖြစ်ရတာလို့လည်း သူက အပြစ်တင်ပြောဆိုခဲ့ပါတယ်။

စစ်တပ်ဘက်ကတော့ လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်မှုတွေ ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဒီတောင်းဆိုချက်ဟာ ဘယ်သူမှ လက်မခံတဲ့ သတင်းစကား အဟောင်းပဲလို့ ပယ်ချခဲ့ပေမဲ့၊ သူတို့တပ်ဖွဲ့ အနေနဲ့ အစိုးရသစ်ကို လုပ်ရပ်နဲ့ပဲ ဆုံးဖြတ်မှာ ဖြစ်ပြီး နိုင်ငံရေးအရ ဖြေရှင်းမှုကို ပိုနှစ်သက်တယ်လို့ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံကို ကြားဝင်ဆောင်ရွက်တဲ့ နိုင်ငံတနိုင်ငံပဲ ရှိပါတယ်၊ အဲဒါ တရုတ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ တခုတည်းပဲ” လို့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကတော့ သူတို့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ်က သူဟာ လက်နက်ကိုင် အဖွဲ့တွေကြား ယုံကြည်မှု တည်ဆောက်ပြီး ဖက်ဒရယ်တပ်မတော် ထူထောင်ဖို့ ရည်မှန်း ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ဒါဟာ ညီညွတ်မှု တည်ဆောက် ရမယ့် အရေးကြီးတဲ့ အချိန်ဖြစ်ပြီး ရှမ်းညီနောင်တွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ref: Reuters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version