ဇွန် ၂၁ – ၂၀၂၆
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ကီယာ စတာမာ ဟာ ရာထူးက နုတ်ထွက် တော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြား လိုက်ပါတယ်။
စတာမာ ဟာ အရေးကြီးလှတဲ့ ကိစ္စရပ်ကြီး နှစ်ခုဖြစ်တဲ့ လူဝင်မှု ကြီးကြပ်ရေး နဲ့ စွမ်းအင် ကိစ္စရပ်တွေမှာ အကြီးအကျယ် ကျရှုံးခဲ့ ခဲ့တယ်လို့ ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာ ကနေ ရေးသား ဖေါ်ပြ လိုက်တာ ဖြစ်ပြီး၊ စတာမာကို ကောင်းကောင်းမွန်မွန် ဖြစ်ပါစေကြောင်း ထရမ့်က ဆုတောင်း ပေးလိုက်ပါတယ်။
–
#ဗြိတိန်နိုင်ငံရေး အခြေအနေ ဘယ်လိုရှိနေလဲ
———————————
အစိုးရအတွင်း သဘောထားတွေ ပြောင်းလဲလာတာနဲ့အမျှ ဝန်ကြီးချုပ် စတာမာ ရာထူးက နှုတ်ထွက်တော့မယ့် အရိပ်အယောင်တွေ ပိုပြီး ထင်ရှား လာနေပါတယ်။
မနက်ဖြန် တနင်္လာနေ့မှာ ဝန်ကြီးချုပ် အနေနဲ့ ရာထူးကနေ ဆင်းပေးဖို့ အစီအစဉ် တရပ်ကို ချပြလာနိုင်တယ်ဆိုတဲ့ အရိပ်အယောင်တွေ ပိုပြီး ထင်ရှားလာနေတာ ဖြစ်ပါတယ်။
ဆာ ကီယာ စတာမာ ကတော့ သူဟာ ရာထူး ကနေ လုံးဝ လှည့်ထွက် သွားမှာ မဟုတ်ဘဲ၊ သူ့ခေါင်းဆောင်မှု အပေါ် စိန်ခေါ်လာမှု မှန်သမျှကို တိုက်ဖျက် သွားမယ်လို့ အမြဲတမ်း အခိုင်အမာ ပြောဆိုခဲ့တာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း မှာတော့ အစိုးရအဖွဲ့ အတွင်းက သဘောထား ခံယူချက်တွေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။
အစိုးရအဖွဲ့တွင်းက သတင်းရင်းမြစ် အတော်များများ ကတော့ ဝန်ကြီးချုပ်ဟာ ရာထူးက နှုတ်ထွက်မယ့် အချိန်ဇယားကို လာမယ့် တနင်္လာနေ့ လောက်မှာတင် အစောဆုံး ကြေညာလာ နိုင်တယ်လို့ အခုအခါ ယူဆနေကြပါပြီ။
အခြေအနေတွေဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲ နေတယ်ဆိုတဲ့ အရိပ်အယောင် တွေကို စီးပွားရေးဝန်ကြီး Peter Kyle က ပြောပါတယ်။
သူ့ရဲ့ ပြောကြားချက်အရ ဝန်ကြီးချုပ်ဟာ “နိုင်ငံအတွက် အကောင်းဆုံး ဖြစ်မယ့်အရာ” ကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကီယာ စတာမာ ဟာ သူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ လက်ရှိ နိုင်ငံရေး အခြေအနေမှန်တွေကို ပြန်လည်သုံးသပ် တွေးတော နေတယ် လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ဝန်ကြီးချုပ် အတွက် စိန်ခေါ်မှုတွေဟာ အချိန်အတော် ကြာကတည်းက တဖြည်းဖြည်း တိုးပွားလာခဲ့တာပါ။
လေဘာပါတီ လွှတ်တော်အမတ်တွေ ကတော့ ပြဿနာဟာ ပါတီကြောင့် မဟုတ်ဘဲ ထိပ်ဆုံးက ခေါင်းဆောင်ကြောင့်လို့ အငြင်းပွားနေကြပါတယ်။
ကီယာ စတာမာကို လေဘာခေါင်းဆောင်မှု ကနေ စိန်ခေါ်မယ့် Andy Burnham ဟာ Makerfield မှာလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ Reform UKကို အပြတ်အသတ် အနိုင်ရရှိ သွားတာဟာ လေဘာတွေ အတွက် ခေါင်းဆောင်လောင်း တဦး ပေါ်ထွက်လာခဲ့ပြီလို့ ယုံကြည်နေကြ ပါတယ်။
လွှတ်တော်အမတ် ဒါဇင်ပေါင်းများစွာကလည်း ကီယာ စတာမာ အနေနဲ့ ရာထူးက ဆင်းပေးသင့်ပြီလို့ ပြောဆိုထားကြပြီးသားပါ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက အဲဒီလိုတောင်းဆိုတဲ့ စာရင်းဟာ ပိုတိုးလာခဲ့ သလို၊ အဆင့်မြင့် ဝန်ကြီး တချို့ကလည်း သူတို့ရဲ့ သဘောထားကို သီးသန့်ထုတ်ဖော် ပြောဆိုလာကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Yvette Cooper ၊ ပြည်ထဲရေးဝန်ကြီး Shabana Mahmood) နဲ့ ပို့ဆောင်ရေးဝန်ကြီး Heidi Alexander) တို့ အပါအဝင် ဝန်ကြီးတွေက ဝန်ကြီးချုပ်ကို ရာထူးက ထွက်ဖို့ ပြောဆိုထားကြတယ် ဆိုတာ အားလုံးသိနေကြပေမဲ့ သူတို့ဟာ လက်ရှိရာထူးတွေမှာပဲ ဆက်ရှိ နေသေးတာကိုကြည့်ရင် စတာမာ ရဲ့ အာဏာစက်ဟာ ဘယ်လောက်အထိ ပြိုလဲသွားပြီလဲဆိုတာ အထင်အရှား သိသာစေပါတယ်။
အခုအခါမှာတော့ Andy Burnham ဟာ ယူကေရဲ့ နောက်ထပ် ဝန်ကြီးချုပ် ဖြစ်လာဖို့ ရေပန်းအစားဆုံးသူ ဖြစ်နေပါပြီ။
တကယ်လို့ ကီယာ စတာမာ ဟာ လာမယ့်ရက်ပိုင်းအတွင်း တကယ်ပဲ ရာထူးက နှုတ်ထွက်ခဲ့မယ် ဆိုရင် နောက်ထပ်မေးစရာရှိတာက ခေါင်းဆောင်မှု နေရာအတွက် ပြိုင်ဆိုင်မှုတွေ တကယ်ပဲ ရှိလာဦးမှာလား ဆိုတာပါပဲ။
ကျန်းမာရေးဝန်ကြီးဟောင်း Wes Streeting ကတော့ သူဟာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ အမြဲတမ်း ပြောခဲ့ဖူးပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ လူယုံတွေ ကတော့ အမှတ် ၁၀ ဒေါင်းနင်းလမ်း ရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာ မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတွေ ကြားမှာ ဆွေးနွေးမှုတွေ အရ င်လုပ်သင့်တယ်လို့ အခုအခါ ပြောဆိုနေကြပါပြီ။
Wes Streeting ဘက်ကတော့ သူတို့ရဲ့ လက်ရှိရပ်တည်ချက်ဟာ ပြောင်းလဲခြင်း မရှိသေးဘူးလို့ ပြောနေကြဆဲ ဖြစ်ပေမဲ့ တဘက်မှာတော့ သဘောတူညီချက်တခု ရရှိနိုင်ခြေ ရှိတယ်ဆိုတဲ့ အရိပ်အယောင် အချို့လည်း ရှိနေပါတယ်။
တခြားတယောက်ယောက်ကလည်း ပြိုင်ပွဲထဲကို ဝင်ရောက်လာဖို့ ဖြစ်နိုင်ခြေရှိပေမဲ့ ခေါင်းဆောင်မှု မဲလက်မှတ် ပေါ်မှာ နာမည်ပါလာဖို့ အတွက် သူတို့ကို ထောက်ခံမယ့် လွှတ်တော်အမတ် ၈၁ ဦးကို ရှာဖွေဖို့ အချိန်အများကြီး ရတော့မှာ မဟုတ်ပါဘူး။
နောက်ထပ် မေးခွန်းတခုကတော့ အချိန်ကိုက်ဖြစ်မှုပါပဲ – နောက်ထပ် ဝန်ကြီးချုပ်အ သစ်က ဘယ်အချိန်မှာ ရာထူးကို လွှဲပြောင်းရယူမှာလဲ ဆိုတာပါ။
လေဘာပါတီ လွှတ်တော်အမတ်တွေ ကြားမှာတော့ “စနစ်တကျ” အာဏာလွှဲပြောင်းမှုဟာ ဘယ်လို ပုံစံမျိုး ဖြစ်သင့်လဲ ဆိုတာနဲ့၊ အထူးသဖြင့် အချိန် ဘယ်လောက် ကြာသင့်လဲဆိုတာအပေါ် သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။
Andy Burnham ဘက်တော်သားတွေထဲက သြဇာညောင်းတဲ့ ပုဂ္ဂိုလ် ချို့ကတော့ စက်တင်ဘာလနှောင်းပိုင်းမှာ ကျင်းပမယ့် လေဘာပါတီရဲ့ နှစ်ပတ်လည် ညီလာခံဝန်းကျင် ကျမှသာ ရာထူးကို လွှဲပြောင်းယူစေချင် ကြပါတယ်။
ဒါမှသာ အစိုးရအဖွဲ့ကို ဦးဆောင်ဖို့ ပြင်ဆင်ရန် အချိန်ပိုရမှာ ဖြစ်ပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ အခါ အလုပ်တွေကို ချက်ချင်း အရှိန်အဟုန်နဲ့ လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
—————————
THN Public Media
