War

မင်းကင်း ရွှေမျောလုပ်ကွက် နဲ့ မုံရွာမှာ လေကြောင်း တိုက်ခိုက်မှု လူ ၅ ဦးထက်မနည်း သေဆုံး

နိုဝင်ဘာ ၂၃ – ၂၀၂၅

စစ်ကိုင်းတိုင်း၊ မင်းကင်းနဲ့ မုံရွာမြို့တို့မှာ မနေ့ နိုဝင်ဘာ ၂၂ ရက်က လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ငါးယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

မင်းကင်းမြို့နယ် လောင်းပြည့် ကျေးရွာအနီး၊ လောင်းပြည့်ကျွန်း ရွှေမျော လုပ်ကွက် နေရာမှာ မနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင် ကနေ စတင်ပြီး ညနေ ၄ နာရီဝန်းကျင် အထိ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာမှာ ၂ ဦး သေဆုံးကာ ၁၂ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကူညီရေး လုပ်ဆောင် ပေးနေသူက ပြောပါတယ်။

“သေဆုံးက လောလောဆယ် နှစ်ယောက် ရထားတယ်။ ဒဏ်ရာရက ၁၂ ယောက်လောက် ရှိမယ်။ ဒဏ်ရာရတွေထဲမှာ ပြင်းထန် အဆင့်တွေလည်း ပါတယ်။ ဒီဖြစ်စဉ်မှာ ရွှေမျောဖောင် နှစ်ခု မီးလောင်ပြီး ချင်းတွင်း မြစ်ထဲ မြုပ်သွားတာလည်းရှိတော့ ပျောက်ဆုံးနေတဲ့ သူတွေလည်း ရှိသေးတယ်။ ဒါကြောင့် သေဆုံး၊ ဒဏ်ရာရ အတိအကျက ဒီအချိန်မှာ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေး လုပ်နေပါတယ်” လို့ သူက ပြောပါတယ်။

အဲဒီဖြစ်စဉ်မှာ လေကြောင်း တိုက်ခိုက်ခံရမှု ခုနစ်ကြိမ်လောက် ရှိခဲ့တယ်လို့ သိရပြီး ချင်းတွင်းမြစ်ရိုး တောက်လျှောက်ကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘဲ တနေရာတည်းကိုသာ ဦးတည် တိုက်ခိုက်ခဲ့တာ ဖြစ်တယ် လို့ သူက ပြောပါတယ်။

အဲဒီ လောင်းပြည့်ရွာ အနီးက ချင်းတွင်းမြစ်ရိုးမှာ PDF တွေက ရွှေတူးဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ ဒေသခံတွေက အကြိမ်ကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ကြတယ် လို့လည်း သိရပါတယ်။

“မျောစင်တွေဆိုတာ တနေရာတည်းမှာတောင် အများကြီး ရှိနေတာ။ ချင်းတွင်းမြစ် တိမ်ကောသွားနိုင် သလို လယ်ယာမြေတွေလည်း ဧက သောင်းနဲ့ချီ ပျက်စီးနိုင်လို့ ဒီက ဒေသခံတွေ အားလုံးလိုလိုက ကန့်ကွက် နေကြတာ။ ဆန္ဒပြပွဲ ဦးဆောင်တဲ့သူ သုံးယောက်ကိုလည်း လက်နက်ကိုင် တပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ချင်းတွင်းမြစ်နံဘေး လောင်းပြည့်ကျေးရွာ အနီးက မြေနုကျွန်းပေါ်မှာ ရွှေတူးဖော်နိုင်ဖို့အတွက် ရွှေမျော စီမံကိန်းကို PDF တချို့က ဒေသခံတွေရဲ့ သဘောဆန္ဒ မပါဘဲ လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့် ချထား ပေးတာလို့ သိရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ အကောင် အထည်ဖော် ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် မုံရွာမြို့နယ်၊ ရတုံရွာနဲ့ ဘူးတောင်းကန်ရွာ ကြားမှာလည်း မနေ့ မနက်ပိုင်း ၁၀ နာရီ ကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာမှာ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

လေကြောင်း တိုက်ခိုက်ခံရတဲ့ နေရာဟာ မုံရွာမြို့နဲ့ ၅ မိုင်လောက်သာ ကွာဝေးတယ်လို့ သိရပြီး အဲဒီ တိုက်ခိုက်မှု မဖြစ်ခင် မနက် ၉ နာရီဝန်းကျင်ကလည်း လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် လူထိခိုက်၊ ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Photo – CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *