THN Public Media Blog သတင်း ပြည်တွင်း မန္တလေးတိုင်း တောင်သာမှာ ကျောင်းထိုင်ဆရာတော် တပါး ပစ်သတ်ခံရ
ပြည်တွင်း

မန္တလေးတိုင်း တောင်သာမှာ ကျောင်းထိုင်ဆရာတော် တပါး ပစ်သတ်ခံရ

မေ ၂ – ၂၀၂၆

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်မြောက်ဘက် ၁၈ မိုင်ခန့် အကွာမှာ ရှိတဲ့ ချောင်းပေါက်ကျေးရွာ၊ မဟာဝါဠုကာရာမ ကျောင်းတိုက်က ကျောင်းထိုင် ဆရာတော် ဉူးစန္ဒာဝရကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့က လာရောက် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဒီကနေ့ မေ ၂ ရက်၊ မနက် ၇ နာရီခွဲလောက်မှာ မဟာဝါဠုကာရာမ ကျောင်းတိုက်ကို ဆိုင်ကယ်နှစ်စီးနဲ့ လက်နက်ကိုင် အမျိုးသားတွေ ရောက်လာပြီး ကျောင်းထိုင် ဆရာတော်ကို သေနတ်နဲ့ ပစ်သတ် သွားတယ်လို့ သိရပါတယ်။

” ဆရာတော်ကို ကျောင်းဝန်းအပြင်ဘက်ထိ ခေါ်သွားပြီး အပြင်ဘက် ရောက်မှ ပစ်သတ်သွားတာလို့ သိရတယ်။ ပစ်သွားတဲ့သူတွေ မမိပါဘူး ။ ဆရာတော် ကတော့ နေရာမှာပဲ ပျံလွန်တော်မူသွားတယ်။ ” လို့ ဒေသခံက ပြောပါတယ်။

အသတ်ခံရတဲ့ ဆရာတော် ဉူးစန္ဒာဝရဟာ သက်တော် ၄၈နှစ်၊ ဝါတော် ၂၈ နှစ်ရှိပြီလို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် အတွင်းမှာ လက်နက်ကိုင် အဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ သံဃာအရေ အတွက် ၉၃ ပါးရှိခဲ့ပြီး ဖမ်းဆီးခံရလို့ ပျောက်ဆုံး နေတဲ့ သံဃာ ၄၅ ပါးရှိခဲ့ကြောင်း အစိုးရရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက် အရ သိရပါတယ်။

တောင်သာမြို့နယ်ထဲမှာ ဒီရက်ပိုင်း အတွက် တိုက်ပွဲ ကြီးကြီးမားမား ဖြစ်ပွားတာမျိုး မရှိပေမယ့် ကျေးရွာတချို့ မှာတော့ နေအိမ်တွေ မီးရှို့ခံရလို့ မီးလောင် ပျက်စီးမှုတွေဖြစ်ပွားနေကြာင်း ၊ ဒီကနေ့ မေ ၂ ရက်မှာ ဆိုရင်လည်း ဇေယျာသီရိရွာမှာ နေအိမ်တွေ မီးလောင်ဆုံးရှုံးမှု ရှိနေတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။

လက်ရှိမှာတော့ စစ်တပ်စစ်ကြောင်းက တောင်သာမြို့နယ်ထဲက ဒေသတွင်း လက်နက်ကိုင်တွေ သွားလာလှုပ်ရှား မှုရှိတဲ့ နယ်မြေဘက် တွေကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဒီအတွက် တိုက်ပွဲ ဖြစ်ပွားမှာစိုးတာကြောင့် ကျေးရွာ ရှစ်ရွာထက် မနည်းက ဒေသခံပြည်သူတွေ .စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

တောင်သာ နဲ့ အနီးမှာ ရှိတဲ့ မြို့တွေဖြစ်တဲ့ နွားထိုးကြီး၊ မြင်းခြံဘက်တွေ မှာတော့ တိုက်ပွဲဖြစ်ပွားမှု ရှိနေပြီး စစ်တပ်က မြေပြင် စစ်ကြောင်းထိုး ရှင်းလင်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version