မန္တလေးမှာ တရားမဝင် သုံးလုံးထီ ( ချဲဂဏန်း) ကို ပေါက်မဲအဖြစ် သတ်မှတ်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းကာ ကားကို မဲဖောက် ရောင်းချ နေသူ အမျိုးသားကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ် လို့သိရပါတယ် ။
လူမှုကွန်ရက်စာမျက်နှာမှာ ” ရွှေဘုန်း Automobile Channel 1 ” နာမည်နဲ့ ကားမဲ လက်မှတ်တွေကို ရောင်းချပြီး ပေါက်မဲကို ဒီလ ၁၆ ရက်နေ့ ချဲဂဏန်း အဖြစ် သတ်မှတ်ကာ ကားနှစ်စီး ကိုမဲဖောက်ဖို့ ကြေငြာထား တဲ့အတွက် မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Automobile Channel ပိုင်ရှင်ဖြစ်သူ ကိုနေမျိုးထက် ဆိုသူကို မန္တလေးတိုင်း ၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ သီရိမင်္ဂလာအိမ်ရာ၊ တိုက်(E)၊ အခန်း(၈) မှာ MDY-2/1S-XXXX FORD RANGER အနက်ရောင် ကား ၊SHN-38/5I-XXXX TOYOTA WISH အဖြူရောင် ကား နဲ့အတူ လက်ပ်တော့ တလုံး ၊ ချဲဂဏန်းတွေ ရေးမှတ် ထားတဲ့ စာအုပ် ငါးအုပ်ကိုပါ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ကံစမ်းမဲ လက်မှတ်နူန်းထားတွေ အနေနဲ့ ကားအမျိုးအစားအလိုက် မဲတမဲကို သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ် နဲ့ နှစ်သိန်းတသောင်း ငါးထောင်ကျပ် ရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအတွက် ချမ်းအေးသာစံ အမှတ် (၃) နယ်မြေရဲစခန်းက Automobile Channel page ပိုင်ရှင်ကို လောင်းကစား ဥပဒေပုဒ်မ ၁၈(က) နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ် ။
တရားမဝင် ချဲဂဏန်းကို ပေါက်မဲ အဖြစ်သတ်မှတ်ပြီး တန်ဖိုးကြီး ကားတွေကို ကံစမ်းမဲ အဖြစ် လက်မှတ်တွေ ရောင်းချကာ ငွေကြေး လိမ်လည် ရရယူ မှုတွေ ရှိလာသလို နေအိမ် နဲ့ ရွှေထည် ပစ္စည်း ၊ မြေကွက် တွေကိုပါ မဲဖောက်ပြီး ရောင်းချ လိမ်လည် မှုတွေ ရှိလာတာ ကြောင့် ခုလို ဖမ်းဆီးတာ ဖြစ်နိုင် တယ်လို့ သိရပါတယ်။
” မန္တလေးမှာ ကားမဲဖောက် ရောင်းနေသူတွေ အများကြီးပဲ ရှိတယ် ။ ဒီတယောက်ပဲ ဖမ်းတာ လား ။ နောက်ထပ် လာအုံးမလား စောင့်ကြည့် ရမယ်။ ရန်ကုန်ဆိုလည်း အများကြီးပဲရှိတယ် ။ လိမ်နေသူ တွေအကုန်ဖမ်း စေချင်တယ်။ ဖမ်းလဲ ဖမ်းသင့်တယ်။ ပြီးတော့ လိမ်ခံရတဲ့ အများစု ကလည်း လောဘ ရှိလို့ လိမ်ခံရတာ။ ငွေနည်းနည်းနဲ့ ကားရမယ် ၊ အိမ်ရမယ် ထင်ပြီး လုပ်ကြတာ။ လိမ်တဲ့သူတွေကလည်း အဲဒီလို လူတွေကိုပဲ ပစ်မှတ်ထားတာပဲလေ။ အလိမ်ခံရသူကို အပြစ်တင်နေတာ မဟုတ်ဘူး။ တခုခုဆို စဥ်းစားကြစေချင်တာပါ။ ဘယ်အရာမှ အလွယ်တကူ ရတယ်ဆိုတာ မရှိပါဘူး။ တန်ဖိုးကြီး ပစ္စည်းကို အလွယ် တကူ ရမယ် ပြောနေရင် သတိသာထားပါ။ အဲဒါ လိမ်တော့မယ် ဆိုတာပါပဲ။ တကယ် ကားဝယ်ရောင်း လုပ်သူ တွေက မဲတွေဘာတွေ မလုပ်ဘူး။ ” လို့ ကားဝယ်ရောင်း လုပ်သူ တယောက်က မှတ်ချက်ပြု ပြောပါတယ်။
ကားကို မဲ ဖောက်ပြီး ရောင်းချသူအများစုက ချဲဂဏန်းကို ပေါက်မဲ သတ်မှတ် ရောင်းချပြီး ဂဏန်းတွေအနေနဲ့ 000 မှ ၉၉၉ အထိ တစောင်ကို ကျပ် သောင်းဂဏန်း ကနေ သိန်းဂဏန်းအထိ ရောင်းချနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ရွှေထည်ပစ္စည်း နဲ့ အိမ်ကို မဲဖောက်ပြီး ရောင်းချနေသူတွေ ကတော့ ငွေကျပ် ၁၀၀၀ ကနေ ၁၀၀၀၀ ဝန်းကျင် အထိ လက်မှတ် ရောင်းချ နေကြတာ တွေ့ရပါတယ်။
” လက်မှတ်တစောင် ၂၀၀၀ ဆိုလို့ အိမ်မဲ ကံစမ်းဘူးတယ်။ မပေါက်ပါဘူး။ ကျွန်တော်ကံစမ်းတဲ့ အပတ်က ပေါက်တဲ့သူ မရှိဘူးတဲ့လေ သူပြောတာပဲ။ တစောင် ၂၀၀၀ ဆိုတော့ တသောင်းဖိုး ကံစမ်းလိုက်တာ ပလုံသွားတယ် ဗျာ။ အဲဒီနောက် မလုပ်ဖြစ်ပါဘူး ။ လိမ်တာလို့ ထင်ပါတယ် ။ တချို့လည်း တွေ့တယ်။ မဲပေါက်တော့ အကောင့်ကို ဘလော့သွားတယ် ဆိုပြီးလေ။ ” လို့ အိမ်မဲ ဝယ်ဖူးသူ တယောက်က ပြောပါတယ် ။
ကား ၊ အိမ် ၊ ခြံမြေ ၊ ရွှေ ၊ ဆိုင်ကယ် တွေကို မံဖောက် ရောင်းချနေသူ အများစုက ငွေကြေးကို Kpay နဲ့ Wave money စတဲ့ mobile banking စနစ်ကို သုံးပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက် မနေ့က ပြည်ထောင်စုအဆင့်ကနေ အွန်လိုင်း လိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
Crd – VOM
—————————
THN Public Media
