Sport

မိနစ် ၇၀၀၀ ကွာခြားချက်နဲ့ PSG အသာစီးရနိုင်

BUDAPEST, HUNGARY – MAY 26: A view of the match shirts of PSG and Arsenal ahead of the UEFA Champions League Final between Paris Saint-Germain and Arsenal at the Puskas Arena on May 26, 2026 in Budapest, Hungary. (Photo by Michael Regan – UEFA/UEFA via Getty Images

ချန်ပီယံလိဂ် ဖိုင်နယ် ပွဲကြို အထူးသုံးသပ်ချက်

မေလ ၂၉ – ၂၀၂၆

လာမယ့် စနေနေ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်္ဂလန်နဲ့ ပြင်သစ်ရဲ့ အကောင်းဆုံး အသင်းနှစ်သင်း ထိပ်တိုက်တွေ့ကြတဲ့အခါ ဒါဟာ နှစ်သင်း စလုံး အတွက် ပင်ပန်းကြမ်းတမ်း ခဲ့တဲ့ ရာသီရဲ့ စိတ်လှုပ်ရှား စရာ အဆုံးသတ် မှတ်တိုင် ဖြစ်လာမှာပါ။

ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့က Puskas အားကစား ကွင်းကြီးမှာ ကျင်းပမယ့် ဒီပွဲစဉ်ဟာ ဧပြီလ အစောပိုင်း အထိ ဖလား ၄ လုံး စလုံးကို စိန်ခေါ် နေခဲ့တဲ့ အာဆင်နယ် အတွက်တော့ ဒီရာသီရဲ့ ၆၃ ကြိမ်မြောက် ပွဲစဉ် ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အတွက် ကတော့ ပြီးခဲ့တဲ့ နွေရာသီ ကလပ်ကမ္ဘာ့ဖလားပွဲစဉ် ၇ ပွဲမပါ ၅၆ ကြိမ်မြောက် ကစားရမယ့် ပွဲဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကလည်း နီးကပ်နေပြီ ဖြစ်လို့ နှစ်ဘက် စလုံးက အဆင့်မြင့် ကစားသမားတွေ အတွက် နားချိန်ဆိုတာ မရှိသလောက်ပါပဲ။

ဒါပေမဲ့ အချက်အလက် တခုအရ ကြည့်ရင်တော့ ပြင်သစ်ကလပ်ရဲ့ ကြယ်ပွင့်တွေက ပိုပြီး လန်းဆန်းတဲ့ အခြေအနေနဲ့ ပွဲထွက်လာနိုင်ပါတယ်။

နည်းပြ Luis Enrique ကတော့ ပြည်တွင်း ပြိုင်ဘက်တွေက သိပ် မပြင်းထန် တာရယ်၊ ကာတာ ပိုင်ရှင်တွေရဲ့ ငွေကြေး အင်အားနဲ့ တည်ဆောက်ထားတဲ့ လူစာရင်း အင်အားတောင့်တင်းမှု ရယ်ကြောင့် ဒီရာသီ ပြင်သစ်လိဂ်ပွဲတွေ မှာ သူ့ရဲ့ အဓိက ကစားသမား အများစုကို အနားပေးထား နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ဗိုလ်လုပွဲရောက်ဖို့ ချန်ပီယံလိဂ် ၁၆ ပွဲ အထိ ကစားခဲ့ရပြီး၊ အာဆင်နယ် ကတော့ ၁၄ ပွဲပဲ ကစားခဲ့ရပါတယ်။

ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှာ ပွဲထွက်ခဲ့တဲ့ အသင်းသားတွေကို ကြည့်ရင် အာဆင်နယ် ပွဲထွက် ကစားသမား ၁၁ ယောက်ဟာ ပီအက်စ်ဂျီ ထက် ဒီရာသီ ပြည်တွင်း လိဂ်ပွဲတွေမှာ ကစားချိန် မိနစ် စုစုပေါင်း ၆၇၂၆ မိနစ် ပိုပြီး ကစားထားခဲ့ရပါတယ်။

ကစားသမား တဦးချင်းစီရဲ့ ကိန်းဂဏန်း အချို့ကို ကြည့်ရင်လည်း တကယ့်ကို အံ့ဩစရာပါ။

ပီအက်စ်ဂျီ အသင်းခေါင်းဆောင် Marquinhos ဟာ ဒီရာသီ ဥရောပ ပွဲစဉ် ၁၄ ပွဲအထိ ကစားခဲ့ရပြီး ဒါဟာ သူ ပြည်တွင်းလိဂ်မှာ ကစားခဲ့ရတဲ့ ပွဲအရေ အတွက် စုစုပေါင်း ၁၄ ပွဲ (ပွဲထွက် ၁၁ ပွဲ၊ လူစားဝင် ၃ ပွဲ) နဲ့ အတူတူပဲ ဖြစ်နေ ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ကနေ ဧပြီ ၁၉ ရက် အထိ ဒီ ဘရာဇီးလ် နောက်ခံလူ ဟာ ပြည်တွင်းလိဂ်ပွဲ ၇ ပွဲ ဆက်တိုက် အရံ ခုံမှာပဲ ထိုင်နေခဲ့ရပြီး လိဂ်ပွဲလုံးဝ မကစားခဲ့ရပါဘူး။ ဒါပေမဲ့ အဲဒီ အချိန်အတောအတွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၆ ပွဲ စလုံးမှာတော့ သူ မိနစ်ပြည့် ပါဝင် ကစားခဲ့ ပါတယ်။

ဘလွန်ဒီအော ဆုရှင် Ousmane Dembele ဟာလည်း လိဂ်ပွဲ ၂၂ ပွဲ ကစားခဲ့ ရတဲ့ အထဲမှာ မိနစ် ၉၀ ပြည့် ကစားခဲ့ရတာ ၁ ကြိမ်ပဲ ရှိပါတယ်။ သူ့ရဲ့ တွဲဘက် တိုက်စစ်မှူး Khvicha Kvaratskhelia ဆိုရင်လည်း ၂၈ ပွဲ ကစားခဲ့ရတဲ့ အထဲမှာ မိနစ်ပြည့် ကစားခဲ့ရတာ ၂ ကြိမ်ပဲ ရှိခဲ့တာပါ။

Dembele ဟာ ဒီရာသီမှာ သွင်းဂိုး ၁၀ ဂိုး နဲ့ ၇ ဂိုး ဖန်တီး ပေးခဲ့လို့ ပြင်သစ်လိဂ်ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို မေ ၁၂ ရက်တုန်းက ၂ နှစ် ဆက်တိုက် ဆွတ်ခူးခဲ့ပါသေးတယ်။

သူဟာ လိဂ်ပွဲစဉ် ၃၄ ပွဲရှိတဲ့ အထဲမှာ ၂၂ ပွဲပဲ ပါဝင် ကစားခဲ့ပြီး ပွဲထွက် ခွင့်ရတာ ၁၁ ပွဲပဲ ရှိခဲ့တာပါ၊ ဒါကလည်း ဒဏ်ရာ ပြဿနာ တွေကြောင့် ၁၀ ပွဲလောက် လွဲချော်ခဲ့ရလို့လည်း ဖြစ်ပါတယ်။

နည်းပြ Luis Enrique ဟာ ကစားသမား အလှည့်ကျသုံးတဲ့ စနစ်နဲ့ လိဂ်ပွဲတွေ မှာ ကစားသမား ၂၈ ယောက်အထိ သုံးခဲ့ပြီး Arteta က ၂၅ ယောက်ပဲ သုံးခဲ့ပါတယ်။

သူတို့ လိဂ်ပွဲမှာ ရှုံးခဲ့တဲ့ ၆ ပွဲထဲက ၃ ပွဲ ဟာ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားပြီးပြီးချင်းမှာ ဖြစ်ခဲ့တာပါ။

ကွင်းလယ်လူ Warren Zaire-Emery ဟာ ပီအက်စ်ဂျီ အသင်းမှာ လိဂ်ပွဲမိနစ် ၂၄၅၃ မိနစ်နဲ့ အများဆုံး ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ် အသင်းမှာတော့ ကစားသမား ၆ ယောက်ဟာ အဲဒီထက် မိနစ် ပိုပြီး ကစားထားကြတာပါ။

အင်္ဂလန် ပရီးမီးယားလိဂ်ဟာ ဥရောပမှာ အကောင်းဆုံး လိဂ်ဖြစ်တယ် ဆိုတဲ့ အယူအဆက အင်္ဂလန်ဘက် လိုက်ပြီး ပြောနေတာ မဟုတ်ပါဘူး၊ UEFA ရဲ့ ကလပ်အမှတ်ပေးဇယားအရ ပရီးမီးယားလိဂ်က နံပါတ် ၁ နေရာမှာ ရှိနေပြီး ပြင်သစ်လိဂ် ကတော့ အဆင့် ၅ မှာပဲ ရှိပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ရာသီက စုစုပေါင်း ၅၈ ပွဲအထိ ကစားခဲ့ ရပြီး ဆီမီးဖိုင်နယ်မှာ အာဆင်နယ်ကို နှစ်ကျော့ပေါင်း ၃-၁ နဲ့ အနိုင်ယူကာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလား အပါအဝင် ဖလား ၄ လုံး အထိ သိမ်းပိုက်နိုင်ခဲ့တာ ကိုတော့ ထည့်ပြောရမှာပါ။

ပြင်သစ်လိဂ် ကတော့ အသင်း ၁၈ သင်းပဲ ရှိလို့ ပရီးမီးယားလိဂ်ထက် လိဂ်ပွဲ ၄ ပွဲ ပိုနည်းပါတယ်။

ဘာပဲဖြစ်ဖြစ် အာဆင်နယ်ရဲ့ အဓိက ကစားသမားတွေ ကတော့ တကယ့်ကို အပင်ပန်းခံ ကစားခဲ့ရတာ သေချာပါတယ်။ ဂိုးသမား David Raya ဆိုရင် အမှတ်ပေးဖလား ရရှိဖို့ သေချာသွားလို့ ခရစ္စတယ်ပဲလေ့စ်နဲ့ နောက်ဆုံး ပွဲစဉ်မှာ အနားမပေးခင် အထိ ရာသီတခုလုံးရဲ့ ပွဲတိုင်းကို ပါဝင် ကစားခဲ့တာပါ။

Declan Rice၊ William Saliba၊ Gabriel နဲ့ Martin Zubimendi တို့ဟာလည်း လန်ဒန် ကလပ် အတွက် အနည်းဆုံး လိဂ်ပွဲ ၃၀ ကျော်စီ ပွဲထွက် ခဲ့ကြတာ ဖြစ်ပြီး၊ ပီအက်စ်ဂျီ ဘက်မှာတော့ Zaire-Emery တယောက်ပဲ အဲဒီလို ပြောနိုင် ပါတယ်။ မတ်လလယ် ကတည်းက ဒဏ်ရာရနေပြီး ဗိုလ်လုပွဲ အတွက် မသေချာသေးတဲ့ အာဆင်နယ်က Jurrien Timber တောင်မှ သူ့ထက် မိနစ် ပိုကစားထားပါသေးတယ်။

ဒီနှစ်သင်းစလုံးမှာ လိဂ်ပွဲမိနစ် အများဆုံး ကစားထားတဲ့ ကစားသမား ၁၀ ယောက် စာရင်းကို ကြည့်ရင် ပီအက်စ်ဂျီ ဘက်က Zaire-Emery နဲ့ Illia Zabarnyi ၂ ယောက်ပဲ ပါဝင်ပါတယ်။

မေလ ၁၉ အင်္ဂါနေ့တုန်းက မန်စီးတီးက ဘွန်းမောက်နဲ့ သရေကျ သွားတာ ကြောင့် ကွင်းထဲ မဆင်းရဘဲ ဖလားရသွား ခဲ့တဲ့ အာဆင်နယ် အသင်း အနေနဲ့ ဒီဗိုလ်လုပွဲကို ဘယ်လို ပုံစံနဲ့ ရင်ဆိုင် မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

သူတို့ရဲ့ အဓိက ပွဲထွက် ၁၁ ယောက်ထဲက အများစုကို ခရစ္စတယ်ပဲလေ့စ် ကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ နောက်ဆုံး ပွဲစဉ်မှာ အနားပေးခဲ့ ပါတယ်။

ပီအက်စ်ဂျီ ကတော့ မေ ၁၃ ရက်တုန်းက သူတို့ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက် ဖြစ်ပြီး ဒုတိယ နေရာမှာ ၆ မှတ် အကွာနဲ့ ပြီးဆုံးခဲ့တဲ့ Lens အသင်းကို ၂-၀ နဲ့ နိုင်ပြီး ကစားဖို့ တပွဲအလို ကတည်းက လိဂ်ဖလားကို သေချာ စေခဲ့ တာပါ။

သူတို့ဟာ နောက်ဆုံးလိဂ်ပွဲစဉ်မှာတော့ ကွင်းထဲ မဆင်းခင် ဖလား ပေးအပ်ပွဲ လုပ်ခဲ့ပြီးနောက် အလယ်အလတ် အဆင့်ရှိတဲ့ မြို့ခံပြိုင်ဘက် Paris FC ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါက မေ ၁၇ ရက်တုန်းက ကစား ခဲ့တာမို့ သူတို့ဟာ ဗိုလ်လုပွဲ မတိုင်ခင် ၁၃ ရက် အထိ နားရက် ရရှိခဲ့ပြီး အာဆင်နယ် ကတော့ ၆ ရက်ပဲ နားခဲ့ရတာပါ။

ပြီးခဲ့တဲ့ မတ်လတုန်း ကလည်း ပီအက်စ်ဂျီဟာ လီဗာပူးလ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နှစ်ကျော့ကြားမှာ ကစားရမယ့် လန်းစ် အသင်းနဲ့ လိဂ်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာ အောင်မြင်ခဲ့ ပါသေးတယ်။

“ပွဲတိုင်းက မတူညီတဲ့ စိန်ခေါ်မှုတွေ ရှိနေတာမို့လို့ အရာအားလုံးကို ထည့်သွင်းစဉ်းစားရမှာပါ” လို့ စပိန်လူမျိုး နည်းပြက ဒီရာသီ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့ရတဲ့ ဆီမီးဖိုင်နယ် အကြိတ်အနယ် ပွဲစဉ် နှစ်ကျော့မှာ ပြောခဲ့ပါတယ်။

“ကျွန်တော် ကစားသမားတွေနဲ့ တယောက်ချင်းစီ စကားပြောဖို့ လိုပါတယ်။ ဒါက မလွယ်ပါဘူး၊ Tetris ကစားရသလိုပါပဲ။ လိဂ်ပွဲမှာလည်း ၃ မှတ်ရအောင် ယူရ သလို၊ ရာသီရဲ့ အရေးကြီးဆုံးပွဲ အတွက် ကစား သမား တွေ ကြံ့ခိုင်မှု ပြည့်ဝ နေအောင်လည်း ပြန်လုပ်ပေးရပါတယ်”

ဒီပြင်သစ် အသင်းကြီးကို ၂၀၁၂ ခုနှစ်မှာ ကာတာ အစိုးရက လည်ပတ် နေတဲ့ Qatar Sports Investments အဖွဲ့အစည်းက တဦးတည်း ပိုင်ဆိုင် ခဲ့တာဖြစ်ပြီး၊ အဲဒီနောက် ၁၄ ရာသီ အတွင်းမှာ ပြင်သစ်လိဂ် ဖလားကို ၁၂ ကြိမ်အထိ သိမ်းပိုက်နိုင်ခဲ့တာပါ။ သူတို့ဟာ ဒီပိုင်ရှင် မပြောင်းခင်တုန်းက လိဂ်ဖလားကို ၂ ကြိမ်ပဲ ရဖူးတာ ဖြစ်ပါတယ်။

တဘက်မှာတော့ အာဆင်နယ်ဟာ အင်္ဂလန် ချန်ပီယံဖြစ်ဖို့ ၂၂ နှစ်ကြာ စောင့်ဆိုင်း ခဲ့ရတဲ့ သမိုင်းကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်လို့ အခု ဗိုလ်လုပွဲ တက်လာတဲ့ နှစ်သင်းစလုံးဟာ ပြည်တွင်းလိဂ် ဖလား ၁၄ ကြိမ်စီနဲ့ တန်းတူ ဖြစ်နေကြပါပြီ။

ဒါပေမဲ့ ချန်ပီယံလိဂ်ဖလား ရရှိထားတဲ့ အကြိမ်အရေအတွက် မှာတော့ ပီအက်စ်ဂျီက အသာစီး ရထားပါတယ်။ ဒါတွေ အားလုံးဟာ လာမယ့် စနေနေ့မှာ ပြောင်းလဲသွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *