THN Public Media Blog သတင်း War မိုးကုတ်နဲ့ နှစ်မိုင်အကွာမှာ တိုက်ပွဲဖြစ်နေ
War

မိုးကုတ်နဲ့ နှစ်မိုင်အကွာမှာ တိုက်ပွဲဖြစ်နေ

ဒီဇင်ဘာ ၁ – ၂၀၂၅

မိုးကုတ်မြို့ကို စစ်တပ် ဝင်ရောက်ပြီး တရက်အကြာမှာပဲ ဒေသတွင်း လက်နက်ကိုင် PDF တွေနဲ့ အစိုးရ တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ မိုးကုတ်မြို့ခံတွေဆီက သိရပါတယ်။

မိုးကုတ်မြို့နဲ့ နှစ်မိုင် လောက်သာ ကွာဝေးတဲ့ ကျေးရွာဘက်မှာ နှစ်ဖက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်ဘက်က မြေပြင် ပစ်ခတ်မှုအပြင် ဒရုန်းတိုက်ခိုက်မှုလည်း လုပ်နေတယ်လို့ သိရပါတယ်။

” ဆက်အင်းပြန့်ရွာ ဒလ၀န်ကုန်းမှာ ဖြစ်နေတာပါ ။ မိုးကုတ်မြို့ကနေ ချောင်းကြီးရွာသွားတဲ့လမ်းမှာ ဖြစ်နေတာပါ။ PDF တွေ ဆုတ်ပေး လိုက်ရတဲ့ လမ်းကြောင်းဘက်ကို စစ်တပ်က တိုးရင်းကနေ တိုက်ပွဲဖြစ်တာ။ ခုထိဖြစ်နေတယ် ညောင်သုံးပင်ကျောင်းကနေ စစ်တပ် ဘက်က ဒရုန်း နှစ်စီးနဲ့ ဆက်အင်းဘုန်းကြီး ကျောင်းနား တ၀ိုက် အတက်အဆင်းလုပ်ပြီးကြဲနေတယ် ။” လို့ လုံခြုံရေး အရ အမည်မဖော်လိုသူ မြို့ခံကပြောပါတယ်။

မိုးကုတ်မြို့ပြင်မှာ ဖြစ်နေတဲ့ တိုက်ပွဲကြောင့် မြို့ခံတွေအနေနဲ့ မြို့တွင်းမှာ အသွားအလာကြဲသွားသလို တိတ်ဆိတ်ငြိမ်သက် နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ မိုးကုတ်ရောက်ရှိနေတဲ့ တပ်က လက်နက်ကြီး ပစ်ခတ် အသုံးပြုနိုင်ဖို့ အတွက် ပြင်ဆင်နေတယ်လို့ မြို့ခံ ကပြောပါတယ်။

“လတ်တလောမှာတော့ မြို့လယ်ခေါင် တည့်တည့်က ဘောလုံးကွင်းထဲမှာ ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေ ဆင်နေတယ် ။ ခုဖြစ်နေတဲ့ နေရာက မြို့နဲ့နီးတော့ အကုန်မြင်နေရတယ် ။ မြို့ထဲတိတ်ဆိတ်သွားတယ်။ ” လို့ မြို့ခံက ပြောပါတယ်။

စစ်တပ်ဟာ TNLA လုံခြုံရေးပေးမှုကြောင့် မိုးကုတ်မြို့ကို နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းမှာ ကားတန်း အစီး ၁၀၀ လောက်နဲ့ ဝင်ရောက် လာတာ ဖြစ်ပြီး လက်ရှိလည်း မြို့ထဲမှာ TNLA တပ်တွေ ရှိနေသေးကြောင်း သိရပါတယ်။

မိုးကုတ်မြို့ ပြင်ဘက်မှာတော့ PDFတွေက နေရာယူထားဆဲ ဖြစ်တာ ကြောင့် လက်ရှိမှာ အစိုးရတပ်နဲ့ PDF အကြား တိုက်ပွဲတွေ ဖြစ်ပွား နေတာဖြစ်တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ၊ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ TNLA နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေပူးပေါင်းပြီး ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပြီး သိမ်းပိုက်ပြီး တနှစ်ကျော်အကြာမှာ မိုးကုတ်မြို့ ကို စစ်တပ်ဆီ TNLA က ပြန်လည် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version