THN Public Media Blog သတင်း War မိုးကုတ်နဲ့ မိုးမိတ်မှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး လေကြောင်း တိုက်ခိုက်မှု တွေလည်း ရှိနေ
War

မိုးကုတ်နဲ့ မိုးမိတ်မှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး လေကြောင်း တိုက်ခိုက်မှု တွေလည်း ရှိနေ

ဒီဇင်ဘာ ၈ – ၂၀၂၅

မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ် မိုးမိတ်မြို့တို့မှာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA တအာင်းတပ်နဲ့ အပစ်ရပ် သဘောတူညီချက်နဲ့ ပြန်ပေးလိုက်တဲ့ မိုးကုတ်နဲ့ မိုးမိတ်ဒေသကို ပြန်လည် ဝင်ရောက်လာတဲ့ စစ်တပ်ကို PDF တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ မိုးကုတ်ဒေသခံ တယောက်က “အခု အခြေအနေက မြို့ထဲမှာသာ ငြိမ်နေတာ။ တောပိုင်းတွေမှာ တိုက်ပွဲတွေကဆက်တိုက်။ လက်နက်ကြီးတွေကျ၊ ဒရုန်းတွေကျ၊ လေယာဉ်နဲ့ တိုက်ခိုက်တာတွေ လည်း ရှိနေတယ်။ မြို့ပြင်ကနေ မြို့ထဲ ရောက်မလာဘူးလို့လည်း မပြောနိုင်ဘူး။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာလည်း ဘယ်သူမှ မပြောနိုင်ပါဘူး။ ဆိုးဝါးတာတွေ ဖြစ်မလာရင်တော့လည်း အကောင်းဆုံး ပါပဲ” လို့ ပြောပါတယ်။

လက်ရှိမှာ မိုးကုတ် (အနောက်ပိုင်း) ဘက်က မြို့ပြင်နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး အနောက်ပိုင်းနဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေ အနေနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေ အဆက်မပြတ် ကြားနေရတယ်လို့ သူက ပြောပါတယ်။

“ဖြစ်တဲ့နေရာနဲ့ ဝေးတဲ့ မိုးကုတ် အရှေ့ပိုင်းဘက် နေသူတွေကျတော့ ဘာသံမှ မကြားကြရဘူးပေါ့။ မကြားရတော့ ဘာမှမဖြစ်ဘူး သတ်မှတ်ကြရော။ မြို့ထဲတော့ ဘာမှမဖြစ်ဘူး၊ အေးချမ်းနေတာ မှန်ပါတယ်။ ဒါပေမယ့် တောပိုင်းတွေမှာတော့ တိုက်ပွဲတွေက ဆက်တိုက်ပဲ” လို့ သူက ပြောပါတယ်။

ဒါအပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်မှာလည်း တိုက်ပွဲတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ပြီး လက်ရှိမှာ စစ်တပ်ဟာ မိုးကုတ် – မိုးမိတ် လမ်းပိုင်းကို ထိန်းချုပ်ထားသလို မိုးမိတ် – တွင်းငယ်လမ်းပိုင်း၊ မန်းကျည်းပင် ကျေးရွာအထိ ရောက်ရှိနေကာ မိုးမိတ် – မဘိမ်း လမ်းပိုင်းကိုတော့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်း တပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ ရက်၊ မနက် ၉ နာရီဝန်းကျင် ကလည်း KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်က မြစ်ဆုံရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်တာပါ။ မြစ်ဆုံရွာက ကျော်ရတနာ ဆီဆိုင်နားကိုကျပြီး ပေါက်ကွဲမှု ဖြစ်တယ်။ သေတဲ့သူတွေ အားလုံးကို လည်း သင်္ဂြိုဟ်ပြီးပါပြီ။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ အရေ အတွက် အတိအကျကိုတော့ မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။

မိုးကုတ် – မိုးမိတ်ကို စစ်တပ်က ပြန်လည် ထိမ်းချုပ်ပြီးတဲ့နောက် နိုဝင်ဘာ ၃၀ နေ့က စလို့ မိုးကုတ်မြို့ အပြင်ဘက်မှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဖြစ်နေသလို မိုးမိတ်ကို ပြန်ဝင်နေတဲ့ စစ်တပ်ဟာလည်း မဘိမ်းမြို့ ဘက်ကို ထိုးစစ် ဆင်လာနေတယ်လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

ဒါအပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG ) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) က မိုးကုတ်၊ မိုးမိတ် အခြေအနေနဲ့ ပတ်သက်လို့ စစ်တပ်ကို ထိုးစစ်ဆင်နေပြီး မိုးကုတ်နားမှာ စခန်းကုန်း တခုကို သိမ်းထား တယ်လို့ ထုတ်ပြန်ထားပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version