ဆောင်းပါးရှင် Zsombor Peter (DW သတင်းဌာန)
–
ငါးနှစ်ကြာ စစ်မီးတောက်လောင်ခဲ့ပြီးနောက်မှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေဟာ နိုင်ငံအနှံ့မှာ မြန်မာစစ်တပ်ကို စိန်ခေါ်နေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ စစ်ဗိုလ်ချုပ်တွေဟာ နယ်မြေဆုံးရှုံးမှုတွေကို ထိန်းချုပ်လာနိုင်ပြီး နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်လာနေပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ နယ်မြေ အမြောက်အမြားကို တော်လှန်ရေးအဖွဲ့တွေလက်ထဲ ဆုံးရှုံးခဲ့ရတာပါ။
ဒီစစ်ပွဲကြောင့် စီးပွားရေးဟာ အကြီးအကျယ် ပျက်စီးခဲ့ရသလို စစ်ကောင်စီ ဟာလည်း စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက် များစွာနဲ့ အတူ နိုင်ငံတကာမှာ အထီးကျန်ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာတော့ ထောင်ပေါင်းများစွာသော ဒရုန်းတွေနဲ့ စစ်မှုထမ်း အသစ်တွေကို အသုံးပြုပြီး စစ်မျက်နှာ တချို့မှာ ထိုးစစ်သစ်တွေ ဆင်နွှဲကာ ဆုံးရှုံးသွားတဲ့ နယ်မြေအချို့ကို ပြန်လည် ရယူလာနိုင်ခဲ့ ပါတယ်။
နယ်မြေတွေ ပြန်စိုးမိုးလာတာနဲ့အမျှ စစ်ကောင်စီဟာ နိုင်ငံရေးအရ အကွက်ချ စီစဉ်ထားတဲ့ လှုပ်ရှားမှုတွေကိုလည်း စတင်လုပ်ဆောင်လာတာ တွေ့ရပါတယ်။
–
#ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခြင်း
—————————
ဒီလို အခြေအနေတွေကြားထဲမှာပဲ နိုင်ငံတော် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ကို ပြောင်းရွှေ့လိုက်ပြီလို့ အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သူမဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းချိန် ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကတော့ ဒီလုပ်ရပ်ဟာ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးလုပ်ငန်းစဉ် တခုဆီ ဦးတည်သွားမယ့် အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတရပ်လို့ ပြောဆိုကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒါပေမဲ့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့တာဟာ ပြုပြင် ပြောင်းလဲရေး အတွက် မဟုတ်ဘဲ စစ်တပ် အုပ်ချုပ်ရေးကို ဆက်ထိန်း ထားဖို့ အတွက် လုပ်တဲ့ လူထုဆက်ဆံရေး နည်းလမ်း တခုသာဖြစ်လို့ ဘယ်သူကိုမှ အရူး မလုပ်သင့်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
–
#နိုင်ငံရေးအရ တရားဝင်မှုရှိကြောင်း စစ်ကောင်စီ အခိုင်အမာဆိုခြင်း
————————————————-
မကြာခင်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ မတရားဘူးလို့ အများက ပယ်ချ ထားကြပေမဲ့ စစ်ကောင်စီအတွက်တော့ နိုင်ငံတကာ စင်မြင့်ထက် ကို တဖြည်းဖြည်း ပြန်တက်လှမ်းဖို့ လမ်းစတခု ဖြစ်လာခဲ့ပါတယ်။
အမေရိကန် သုတေသနအဖွဲ့ တခုဖြစ်တဲ့ Stimson Center ရဲ့ စီနီယာအရာရှိ Steve Ross ကတော့ ဒါကို “အနိုင်ရနေတယ်” လို့ မခေါ်ဆိုလိုပေမဲ့ ပြီးခဲ့တဲ့ ၁၈ လ အတွင်းမှာ အသာစီးရမှုဟာ စစ်တပ်ဘက်ကို သိသိသာသာ ပြောင်းလဲ သွားပြီလို့ သူယုံကြည်ကြောင်း ပြောပါတယ်။
လူထုထောက်ခံမှု အများဆုံးရထားတဲ့ NLD အပါအဝင် ပါတီ အများအပြားကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ ရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေး ပါတီက အနိုင်ရရှိခဲ့ပါတယ်။
အဲဒီနောက် လွှတ်တော်သစ် ကနေ ကာကွယ်ရေးဦးစီးချုပ် အဖြစ်က အနားယူလိုက်တဲ့ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး သူ့ရဲ့ ကာလရှည်ကြာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။
အနောက်နိုင်ငံ အများအပြားကတော့ ဒီရွေးကောက်ပွဲကို အတုအယောင် အဖြစ် ပယ်ချခဲ့ကြပြီး အစိုးရသစ်ဟာလည်း နာမည်ပြောင်းထားတဲ့ စစ်ကောင်စီ သာဖြစ်လို့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ဖို့ စိတ်မဝင်စားဘူးလို့ ရှုမြင်ကြပါတယ်။
ဒါပေမဲ့လည်း တချို့နိုင်ငံတွေ ကတော့ အစိုးရသစ်ကို ကမ္ဘာ့မိသားစုထဲ ပြန်လည်ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။
ဒီရွေးကောက်ပွဲတွေကြောင့် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ၊ နှစ်နှစ်တုန်းက မဖြစ်နိုင်ခဲ့တဲ့ ပုံစံမျိုးနဲ့ နိုင်ငံတကာ နယ်ပယ်ထဲ ကို တဖြည်းဖြည်း ပြန်ဝင်လာနိုင်ခဲ့ပြီလို့ Ross က ဆိုပါတယ်။
ထိုင်းနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးတွေဟာ သမ္မတ မင်းအောင်လှိုင်ဆီကို တရားဝင် လာရောက်လည်ပတ်ခဲ့ကြပြီး ဒါဟာ တခြားနိုင်ငံတွေပါ ပြန်လည် ပတ်သက်လာဖို့ လမ်းစဖြစ်တယ်လို့ Ross က ရှင်းပြပါတယ်။
ထိုင်းနိုင်ငံကတော့ အာဆီယံ အဖွဲ့ထဲမှာ မြန်မာနိုင်ငံကို အခွင့်အရေး အပြည့်အဝ ပြန်ပေးဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းနေပါတယ်။
–
#စစ်မြေပြင်က အပြောင်းအလဲများ
—————————-
စစ်မြေပြင်မှာတော့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဟာ အာဏာသိမ်းပြီး နောက်ပိုင်း သိမ်းပိုက်ထားတဲ့ နယ်မြေအများစုကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တပ်ဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ ဆက်သွယ်ထားတဲ့ အရေးကြီး ကုန်သွယ်ရေး လမ်းကြောင်းတွေ အပါအဝင် နယ်မြေတွေကို တစ်စစ ပြန်သိမ်းပိုက်လာနေပါတယ်။
တရုတ်နိုင်ငံဟာလည်း လက်နက်ကိုင် အဖွဲ့ကြီး တချို့ကို ဖိအားပေးပြီး သိမ်းထားတဲ့ နယ်မြေတွေ ပြန်ပေးဖို့၊ စစ်တပ်ကို ဆက်မတိုက်ဖို့ ဒါမှမဟုတ် တခြား အဖွဲ့တွေကို လက်နက်မရောင်းဖို့ လုပ်ဆောင်ခဲ့တာ ကြောင့် စစ်တပ်အတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
Oslo ငြိမ်းချမ်းရေး သုတေသနအဖွဲ့မှ Amara Thiha ကတော့ PDF အဖွဲ့တွေရဲ့ အလျင်အမြန် ပြိုကွဲလာမှုဟာ စစ်တပ်အတွက် အကျိုးရှိ စေတယ် လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ PDF အဖွဲ့တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့ ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ Amara Thiha ရဲ့ ကွင်းဆင်း လေ့လာချက်အရ မကြာသေးမီ လတွေ အတွင်း PDF တွေကြားမှာ ဘက်ပြောင်းခိုလှုံမှုတွေ ပိုများလာပြီး တချို့အဖွဲ့ တွေဟာ ညှိနှိုင်းတိုက်ခိုက်ဖို့တောင် အင်အားမရှိတော့ လောက်အောင် သေးငယ်သွားပြီလို့ သိရပါတယ်။
စစ်တပ်ကို အကြီးအကျယ် အသာစီးရခဲ့တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တောင်မှ အခုအခါမှာ ရုန်းကန် နေရပြီလို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
—————————
THN Public Media
