မေလ ၂ – ၂၀၂၆
မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆို လိုက်တယ်လို့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က မနေ့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ် တနေရာဆီ ပြောင်းရွှေ့လိုက်တာကို အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ မှတ်သားသိရှိထားတယ်လို့ ဆိုပါတယ်။
ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာဖို့ အတွက် အခြေခံကျတဲ့ ခြေလှမ်းတရပ်အနေနဲ့ မတရား ဖမ်းဆီးခံထားရသူ အားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အထွေထွေ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားတယ်လို့ Farhan Haq က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်တွေ့ကျတဲ့ နိုင်ငံရေးအရ အဖြေရှာမှုဆိုတာ အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်တာနဲ့ အားလုံး ပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေ အပေါ် စစ်မှန်တဲ့ ကတိကဝတ် ထားရှိမှုတွေ အပေါ်မှာ အခြေခံရမယ်လို့ ဂူတာရက်စ်က ထပ်လောင်းပြောကြားခဲ့ကြောင်း Haq က ဆိုပါတယ်။
ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးရာမှာ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေ၊ အထူးသဖြင့် အာဆီယံရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ် ဆိုတာကိုလည်း ဂူတာရက်စ်က အလေးပေး ပြောကြားခဲ့ ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး စစ်တပ်က အရပ်သား ခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းကာ အာဏာသိမ်းယူခဲ့ချိန်က စလို့ နိုင်ငံတဝန်း ဆန္ဒပြမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားကာ နိုင်ငံရေး အရ မတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
Ref: Anadolu Agency
—————————
THN Public Media
