THN Public Media Blog သတင်း နိုင်ငံရေး မြန်မာနိုင်ငံမှာ မဲပေးသူတွေကို နည်းပညာအရ စောင့်ကြည့်နိုင်ကြောင်း ကုလ သတိပေး
နိုင်ငံရေး

မြန်မာနိုင်ငံမှာ မဲပေးသူတွေကို နည်းပညာအရ စောင့်ကြည့်နိုင်ကြောင်း ကုလ သတိပေး

နိုဝင်ဘာ ၂၈ – ၂၀၂၅

မြန်မာနိုင်ငံမှာ စစ်ကော်မရှင်ကနေ လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲ အတွက် လူတွေကို မဲပေးဖို့ ဖိအားပေးတာ၊ မဲပေးစက်တွေကနေ AI နဲ့ စောင့်ကြည့်ပြီး အတိုက်အခံတွေကို ထောက်ခံမဲပေးသူ ဘယ်သူဖြစ်တယ် ဆိုတာ သိရှိနိုင်တဲ့ အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

အီလက်ထရောနစ် မဲပေးစက်တွေဟာ လူတွေကို မဲပြားမှာလို ကွက်လပ် ထားခဲ့လို့ မရဘဲ ကိုယ်စားလှယ်လောင်း တဦးကို မဖြစ်မနေ ရွေးချယ်ရမှာ ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့ အကြီးအကဲ James Rodehaver က ပြောကြား ပါတယ်။

“အီလက်ထရောနစ် စောင့်ကြည့်ရေး နည်းပညာနဲ့ လူတွေ ဘယ်လို မဲပေးနေတယ် ဆိုတာကို စောင့်ကြည့် အသုံးပြုတော့မှာကို တကယ်ကို စိုးရိမ်ပါတယ်” သူက ဂျနီဗာမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး အာဏာပိုင်တွေဟာ လူတွေ မဲပေးလား မပေးဘူးလား၊ ဘယ်သူ့ အတွက် မဲပေးတယ်ဆိုတာကို ခြေရာခံနိုင်ကြောင်းလည်း ပြောပါတယ်။

James Rodehaver က ဆက်ပြောရာမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ စစ်တပ်က ဒေသခံတွေကို အတင်းအကြပ် ဖိအားပေး ခေါ်ပြီး အီလက်ထရောနစ် မဲပေးစက် အသုံးပြုပုံကို သင်တန်း ပေးတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ အပေါ် ဟုတ်မဟုတ် စိစစ် နေတယ်လို့ ဆိုပါတယ်။

“ဒီလိုလေ့ကျင့်ပြီးနောက်မှာ တချို့သင်တန်းသားတွေကို လက်နက်ကိုင် အဖွဲ့တွေက မဲမပေးဖို့ သတိပေးတာတွေ ရှိတယ်” လို့ သူက ပြောကြား ခဲ့ပြီး အရပ်သားတွေဟာ နှစ်ဘက်ကြား ပိတ်မိနေတယ်လို့ ဆိုပါတယ်။

ဒီရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေဖို့ ရည်ရွယ် လှည့်ဖြားတဲ့ လုပ်ရပ်အဖြစ် နိုင်ငံတကာက စိုးရိမ်မှုတွေကို ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version