မေလ ၂ – ၂၀၂၆
မနေ့ မေလ ၁ ရက်နေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ကနေ မြန်မာနိုင်ငံအခြေ အနေနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ရာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီး ခံထားရသူတွေ လွတ်မြောက်လာဖို့နဲ့ သက်ဆိုင် သူတွေ အကြား ရိုးသားတဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ ဂျပန်နိုင်ငံက မျှော်လင့်ကြောင်း ဖေါ်ပြထားပါတယ်။
–
ထုတ်ပြန်ချက်အပြည့်အစုံ
——————-
မြန်မာနိုင်ငံအခြေအနေ (ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသူများအပေါ် ဆက်ဆံဆောင်ရွက်မှု)
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kitamura Toshihiro ရဲ့ ထုတ်ပြန်ချက်
၁။ မြန်မာနိုင်ငံမှာ ကာလရှည်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်ရှိနေတဲ့ ပြစ်ဒဏ် တွေကိုလည်း သတ်မှတ်ထားတဲ့ နေအိမ် တနေရာမှာ ပြောင်းရွှေ့ကျခံဖို့ လျှော့ပေါ့ ပေးလိုက်တယ်လို့ ဧပြီလ ၃၀ ရက်နေ့မှာ မြန်မာ့အသံက ထုတ်လွှင့်ခဲ့ပါတယ်။
၂။ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေဖို့အတွက် ဖမ်းဆီးခံထားရ သူတွေ ပြန်လည် လွတ်မြောက်လာရေးကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ အဲဒီလို ရှုထောင့်ကနေကြည့်ရင် အခုနောက်ဆုံး ဖြစ်ပေါ်လာတဲ့ အခြေအနေ တွေကို ဂျပန်နိုင်ငံ အနေနဲ့ အနီးကပ် စောင့်ကြည့်နေပြီး ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့ ရှုမြင်ပါတယ်။
၃။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မရေမရာ ဖြစ်နေဆဲဖြစ်ပေမဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေ ထပ်မံလွတ်မြောက်လာဖို့နဲ့ သက်ဆိုင် သူတွေ အကြား ရိုးသားတဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ကို ဂျပန်နိုင်ငံက မျှော်လင့်နေပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာရေးအတွက် ကြိုးပမ်းမှုတွေနဲ့အတူ ဂျပန်နိုင်ငံ အနေနဲ့လည်း မြန်မာ့အရေး တိုးတက်လာဖို့အတွက် ပိုမိုအားစိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
—————————
THN Public Media
