မေလ ၇ – ၂၀၂၆
မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ လိုက်တာတွေဟာ ပိုမိုကောင်းမွန်တဲ့ ရှေ့လုပ်ငန်းစဉ်တွေဆီ ဦးတည် သွားလိမ့်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီရိုနိုက မျှော်လင့် ကြောင်း ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့မှာ ကြာသပတေးနေ့က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး AMM မှာ ဝန်ကြီး ဆူဂီရိုနိုက မြန်မာအစိုးရသစ် အနေနဲ့ ပြည်တွင်းမှာရှိတဲ့ သက်ဆိုင်သူအားလုံး၊ အဖွဲ့အစည်း အားလုံးနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ ကြိုးပမ်းလာတာကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ဒါဟာ ကောင်းမွန်တဲ့ဘက်ကို ဦးတည်သွားတဲ့ ခြေလှမ်းတခုပဲ” လို့ ဆူဂီရိုနို ရဲ့ ပြောကြားချက်ကို အင်တာရာ သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပေါ်လာတဲ့ ဒီလိုအပြုသဘောဆောင်တဲ့ ဖြစ်ပေါ် တိုးတက်မှုတွေကို အင်ဒိုနီးရှားနဲ့အတူ အာဆီယံ မိတ်ဖက်နိုင်ငံတွေကပါ ကြိုဆိုကြတယ်လို့ ဆူဂီရိုနိုက ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံအတွင်း တည်ငြိမ်မှု ပြန်လည်ရရှိဖို့၊ တိုက်ပွဲတွေနဲ့ စစ်မီး တွေကို လျှော့ချဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အရောက် ပို့နိုင်ဖို့ အတွက် မြန်မာအစိုးရသစ်အနေနဲ့ အာဆီယံနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားဖို့လည်း အင်ဒိုနီးရှားက တိုက်တွန်းထားပါတယ်။
“ဒါကြောင့် ကျွန်တော်တို့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှု ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အတူတကွ ဝိုင်းဝန်း ကူညီသွားမှာပါ” လို့ ဝန်ကြီး ဆူဂီရိုနိုက ပြောကြားခဲ့ပါတယ်။
—————————
THN Public Media
