နိုင်ငံရေး ပြည်တွင်း

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး မနက်ဖြန် ပြန်ဖွင့်မယ်

ဧပြီ ၁ – ၂၀၂၆

ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို မနက်ဖြန် ဧပြီ ၂ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြဝတီ – ကော့ကရိတ် အာရှလမ်းဖွင့်ပွဲကို မနက်ဖြန် မနက် ၈ နာရီမှာ ဘားအံမြို့နယ် ၊ လွန်းညရေပြာအိုင်အနီး၊ တံတားဦးကျေးရွာ၊ ဘားအံ – ကော့ကရိတ် လမ်းမပေါ်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ထွက်ပေါ်နေတဲ့ အမိန့်ညွှန်ကြားစာအရ သိရပါတယ်။

” လိုင်းပေါ်မှာစာထွက်နေတာတော့တွေ့တယ်။ အခြေအနေ ကတော့ မနက်ဖြန်မှပဲ သေချာသိရမှာ။ တကယ်ဆိုဖွင့်ပွဲက မြဝတီမှာ လုပ်ရမှာကို အခုက လွန်းညရေပြာအိုင်ဘက်မှာ လုပ်မယ်ဆိုတော့ လေ။ အခုက ပြန်ဖွင့်မယ် ဆိုပေမယ့် တိုက်ပွဲတွေက ဖြစ်နေတုန်းပဲ။ အဲဒီတော့ လုံခြုံရေးက ဘယ်လိုရှိမယ် မသိတော့ ဖွင့်ရင်တောင် မသွားရဲသေးဘူး ။ အခြေအနေ ကြည့်ပြီးမှပဲ သွားမှာပါ။ ” လို့ မြဝတီဒေသခံက ပြောပါတယ် ။

အာရှလမ်းမကြီးကို စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပြီး ခုနှစ်လနီးပါး အကြာမှာ လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပြီး သွားလာခွင့်ပြုဖို့ လုပ်လာတာ ဖြစ်ပါတယ် ။

အာရှလမ်းပြန်ဖွင့်ပြီးနောက်မှာ အိမ်စီးကားနဲ့ လူစီး ခရီးသည်တင် ကားတွေကိုသာ ဦးစားပေးဖြတ်သန်းခွင့်ပြုမှာ ဖြစ်တယ်လို့ ကနဦး သတင်းအရ သိရပါတယ်။

အာရှလမ်းပြန်ဖွင့်ပေမယ့် ထိုင်း – မြန်မာ ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ချစ်ကြည်ရေးတံတား အမှတ်၂ ပြန်မဖွင့်သေးတာကြောင့် နယ်စပ် ကုန်သွယ်ရေး အခြေအနေကတော့ စောင့်ကြည့်ရဦးမယ့် အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။

” အာရှလမ်းပြန်ဖွင့်မယ်ဆိုတာ သိရပေမယ့် ဘယ်ကားတွေဘယ်လို ပေးဖြတ်မယ် ၊ အခြေအနေက ဘယ်လိုဆိုတာ မနက်ဖြန်မှ သေချာ သိရမယ်။ ခုထိကတော့ သေချာပြောနိုင်တဲ့ အခြေအနေ မရှိသေးဘူး။ လမ်းကြီးပြန်ဖွင့်ရင်တော့ အကုန် အဆင်ပြေတာပေါ့ဗျာ။ တံတားပါ ဖွင့်လိုက်ရင်တော့ ကုန်သွယ်မှုပြန်စနိုင်သွားပြီ။ အခုကတော့ ဒေသတွင်း သွားလာရေး အဆင်ပြေမှာပေါ့ ။ ” လို့ ဒေသခံက ပြောပါတယ်။

လက်ရှိဒီကနေ့ရဲ့ အာရှလမ်းသွားလာခွင့်အနေနဲ့ ကတော့ မြဝတီကနေ သင်္ဃန်းညီနောင် အကျော်လောက်အထိသာ သွားလာလို့ရတဲ့ အခြေအနေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာရှလမ်းပြန်ဖွင့်ပါက မြဝတီ ကနေ ဘားအံ အထိကို အချိန်တိုအတွင်း အဆင်ပြေစွာ သွားလာနိုင်တာကြောင့် အချိန်ကုန်သက်သာသလို သယ်ယူပို့ဆောင်ရေး ကဏ္ဍလည်း အရင်ကထက်ပိုပြီးမြန်ဆန်လာလာပြီး ကုန်ကျစရိတ်လည်း လျှော့ချနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“အာရှလမ်းပြန်ဖွင့်ရင် ကုန်ကျစရိတ်သက်သာသွားမယ်။ အာရှလမ်းတောင် ဖွင့်ပြီဆိုရင် အမှတ်၂တံတားကလည်း မကြာခင် ဖွင့်မယ်လို့ ထင်တယ်။ အဲဒီတော့ ကုန်သွယ်ရေးလည်း ပြန်စနိုင်မယ်။ ကုန်စည်စျေးတွေ တက်လာနိုင်တယ်။ မြန်မြန်ဖွင့်နိုင်ဖို့မျှော်လင့်တယ်။ “လို့ ကုန်သည်တယောက်က ပြောပါတယ်။

လက်ရှိ မြဝတီမြို့ တောင်ပိုင်းဘက်မှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေသလို ကော့ကရိတ်မြို့နယ် ထဲက ကျေးရွာဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

Crd – VOM

Leave a Reply

Your email address will not be published. Required fields are marked *