THN Public Media Blog သတင်း ပြည်တွင်း မြောက်ဥက္ကလာ ဆေးရုံကြီးက မသာပွဲစားလုပ် ငွေညစ်တဲ့ ရင်ခွဲရုံ ဝန်ထမ်းတွေကို အရေးယူ
ပြည်တွင်း

မြောက်ဥက္ကလာ ဆေးရုံကြီးက မသာပွဲစားလုပ် ငွေညစ်တဲ့ ရင်ခွဲရုံ ဝန်ထမ်းတွေကို အရေးယူ

ဇွန် ၄ – ၂၀၂၆

ရန်ကုန်၊ မြောက်ဥက္ကလာဆေးရုံကြီးက အကျင့်ပျက် ရင်ခွဲရုံ ဝန်ထမ်းတွေ မသာပွဲစားလုပ် ငွေညှစ် သူတွေကို ဌာနပြောင်း အရေးယူလိုက်တယ်လို့ သိရပါတယ်။

မသာပွဲစားလုပ် ငွေညှစ်တာနဲ့ ပတ်သက်ပြီး ‘’ဝန်းရံမှူး လူမှုကူညီရေးအသင်း’’ တာဝန်ရှိသူက အခုလို ပြောပါတယ်။

” အလောင်းထုတ်ပြီး သင်္ဂြိုလ်မယ်လုပ်တော့ စ ရစ်တော့တာပဲ။ အခေါင်းဝယ် မှာလား၊ သရဏဂုံ တင်ပေးရမလား၊ body သယ်ပေးရ မလား၊ မီးသင်္ဂြိုလ်ပေးရမလား၊ ဘယ်ရွေ့ဘယ်မျှ ကျမယ်ဆိုပြီး အလောင်းကို ထုတ်မပေးသေးပဲ မသာပွဲစားစလုပ်တော့တာပဲ။ ဒါတောင် ပလုံကောက်သူတွေမို့ မတတ်နိင်ပါဘူး ၊ ပရဟိတ အသင်းက တာဝန်ယူ မှာပါ ဆိုလို့ ၇၅၀၀၀ နဲ့ သရဏဂုံ တင်ပေးပါမယ် အလောင်း ပြင်ပေး ပါမယ် ဆိုပြီး ရသလောက်ယူကြသေးတယ်။ ပြီးတော့မှ စာရွက် စာတမ်း ကိစ္စ ၊ အလောင်းထုတ်မဲ့သူ ကိစ္စ တစ်ခုချင်းကို ရစ်တာ။ “မသာပွဲစား” လုပ်ပြီး အခေါင်းဝယ်မလား၊ အလောင်းပြင်မလား၊ အစအဆုံး တာဝန်ယူ ပေးရမလား၊ တဝက်တပျက်ပဲ လုပ်မလားဆိုပြီး အပူသည်များထံမှာ နည်းမျိုးစုံနဲ့ ပိုက်ဆံညှစ်ထုတ်နေကြသေးတာ။ ” လို့ ပြောသွားတာပါ။

ယာဥ်တိုက်မှုကြောင့် သေဆုံးတဲ့ အလောင်းကို ပရဟိတ အသင်းတခုက မြောက်ဥက္ကလာ ဆေးရုံကြီးရင်ခွဲရုံကို သွားရောက်ပြီး အလောင်းထုတ် ယူစဥ် ရင်ခွဲရုံဝန်ထမ်းက အလောင်းကိုထုတ်မပေးဘဲ သေသူကို အကြောင်းပြပြီး နှောက်ယှက် ငွေညစ် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို သေသူကို အကြောင်းပြုပြီး ငွေညစ် လုပ်စားနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်မှု မြင့်တက်လာတဲ့ အတွက် မနေ့က ဇွန် ၃ ရက်မှာ မြောက်ဥက္ကလာ ဆေးရုံကြီးရဲ့ ဒုတိယ ဆေးရုံအုပ် အပါအဝင် တာဝန်ရှိသူတွေနဲ့ ပရဟိတ အသင်းအဖွဲ့တွေ ပေါင်းပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဆေးရုံးဘက် တာဝန်ရှိသူတွေက ” ဆေးရုံကြီးက အကျင့်ပျက် ဝန်ထမ်းတွေ နဲ့ မသာပွဲစားလုပ်သူတွေကို အရေးယူမယ့် အကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

” ဆေးဘက်ဆိုင်ရာဝန်ထမ်း ၊ သူနာပြုတို့ ဆေးစစ်တာတို့ သန့်ရှင်းရေးတို့ တခြားဝန်ထမ်းတွေက အစားထိုးဖို့လွယ်တယ်။ လူတယောက်ကို ရင်ခွဲဖို့ မသာကိစ္စ တွေကျ ကျန်းမာရေးဘက်မှာ နည်းနည်း အန္တရာယ်လေး ရှိတယ်။ ဘယ်သူမှ အလွယ်တကူ လာမလုပ်ချင်ကြဘူး။ သူတို့ကလည်း ဒီအခြေအနေ လေးတခုကို ရှင်းပြတယ်။ ရင်ခွဲရုံဝန်ထမ်းက သားစဥ် မြေးဆက် လုပ်ကြတဲ့ပုံစံဖြစ်နေတယ်။ ဘာကြောင့်ဆိုရင် ဝန်ထမ်းရှားလို့။ ဘယ်လိုအရေးယူ မယ်ဆိုတော့ ဌာနတွင်းလို့ပဲ ပြောရမှာပါ။ သူတို့ ဘက်ကလည်း တကယ်လုပ်ရ ကိုင်ရတာမှာ မလွယ်ကူတာကို ချပြ တယ်လေ။ ရင်ခွဲရုံမှာ ဒီနေ့ ဒီလူကို ဖြုတ်လိုက်ရင် နောက်လူ အစားထိုးဖို့ အဆင်သင့်မရှိဘူးပေါ့လေ။ ” လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ရင်ခွဲရုံဝန်ထမ်းအလုပ်ကို လုပ်ကိုင်မယ့်သူရှားတာကြောင့် ဆေးရုံ တာဝန်ရှိသူတွေက အခွင့်အရေး ပေးထားတဲ့ အပေါ်ကို ရင်ခွဲရုံ ဝန်ထမ်း တွေက အခွင့်ကောင်းယူပြီး သေသူအကြောင်းပြု ငွေညစ်နှောက်ယှက် တာကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Crd – VOM

Photo: Tun Myat Nyunt

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version