မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ
–
———
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်၊ တပ်ရင်း (၂၀)အတွင်း မွတ်စ်လင်မ်ရဲဘော်အမျိုးသမီးတဦး ကျုးလွန်ခံရသည့် မုဒိန်းမှုနှင့်ပတ်သက်ပြီး ချက်ချင်းဖြေရှင်းရန်ထုတ်ပြန်ခြင်း
(၅ မတ်၊ ၂၀၂၆)
ယင်းမာပင် တပ်ရင်း (၂၀) အတွင်း တပ်ဖွဲ့ဝင် မွတ်စ်လင်မ်အမျိုးသမီးတဦး မုဒိန်းမှုကျုးလွန်ခံခဲ့ရခြင်းအား ပြင်းထန်စွာရှုတ်ချလိုက်သည်။
စည်းကမ်းချိုးဖောက်သည့် ပြစ်ဒဏ်ကြောင့် တပ်တွင်းပြစ်ဒဏ်များ ချမှတ်ခြင်းသည် သက်ဆိုင်ရာစည်းမျည်းဥပဒေနှင့်သာ သက်ဆိုင်သည်။ ယခုကဲ့သို့ မုဒိန်းမှုကျုးလွန်မှုသည် ခွင့်မလွှတ်နိုင်စရာကိစ္စရပ်ဖြစ်သည်။ တဆက်တည်း တပ်ဖွဲ့တွင်း ကျုးလွန်သည့် လူမျိုးရေးခွဲခြားမှုများသည်လည်း ခွင့်လွှတ်နိုင်စရာမရှိပါ။ ဖက်ဆစ်လုပ်ရပ်များဖြစ်သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် –
(၁) ကျုးလွန်ခံရသူ အမျိုးသမီး၊ ကျုးလွန်ခံရသူ၏ ကလေးငယ်နှင့် မိသားစုဝင်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း အာမခံချက် ချက်ချင်းရရှိရေး ဆောင်ရွက်ပေးရန်။
(၂) ကျုးလွန်သူများအား လက်နက်ဖြုတ်သိမ်း၍ ထမ်းဆောင်နေသည့် တာဝန်များမှ ရပ်ဆိုင်း၍ စုံစမ်းစစ်ဆေး အရေးယူပေးရန်။
(၃) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုဖြစ်ရပ်တွင် တာဝန်ခံပြီး၊ ရှေ့ဆက်တွင်လည်း တပ်ရင်းတပ်ဖွဲ့အသီးသီးအတွင်း လူမျိုးရေးခွဲခြားမှုများမရှိရန် ကြိုးပမ်းဆောင်ရွက်ပေးရန်။
(၄) တော်လှန်ရေးတွင် ပါဝင်နေသူများအနေဖြင့် ရန်သူနှင့် တူညီသည့် စရိုက်လက္ခဏာများအားလုံးအား ရှောင်ရှားသည့် ဥပဒေများ ပြဌာန်း အကောင်အထည်ဖော်ရန်။
ယခု တောင်းဆိုချက် (၄) ချက်အား ချက်ချင်း အကောင်အထည်ဖော်ရန် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက တောင်းဆိုလိုက်သည်။
ယခုဖြစ်ရပ်၏ နောက်ဆက်တွဲ အဖြစ်အပျက်များသညိ တော်လှန်ရေးတစုံလုံးအား မထိခိုက်ရေးအတွက် ဤတောင်းဆိုချက်များအား အကောင်အထည်ဖော်ရန်လိုအပ်သည်။ ယခုကဲ့သို့ ရာဇဝတ်မှုများကျုးလွန်မှုအား စံနမူမာအနေနဲ့ပြင်းထန်စွာ အရေးယူမှူကိုပြုလုပ်သင့်သည်။ လူ့အခွင့်အရေးနှင့်၊ အမျိုးသမီးအရေးလုပ်ကိုင်နေသောအဖွဲ့အစည်းများအနေဖြင့်လည်း ပြင်းထန်စွာဆန့်ကျင်ပေးရန် မိမိတို့မှ တိုက်တွန်း တောင်းဆိုပါသည်။
ခက်ခဲသည့် တော်လှန်ရေးလမ်းတွင် အတူတကွရုန်းကန်သူများချင်း လေးစားကြရန်လိုအပ်ပါသည်။ မိမိတို့အနေဖြင့်လည်း တော်လှန်ရေး တာဝန်များအား နောက်ကျောလုံလုံဖြင့်၊ ရဲဘော်ရဲဘက်ပီသမှုများဖြင့် ထမ်းဆောင်လိုသည်။
ဖက်ဆစ်စရိုက်ဆိုးများအား ဆန့်ကျင်ကြ။
တော်လှန်ရေးသစ္စာဖြင့်
မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ
—————————
THN Public Media
