နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဇလန်စကီးနဲ့ တွေ့ဆုံဖို့ ဘာအကြောင်းမှ မရှိဘူးလို့ ပူတင်ပြော

Russian President Vladimir Putin delivers a speech during the plenary session of the St. Petersburg International Economic Forum (SPIEF) in Saint Petersburg on June 5, 2026. (Photo by OLGA MALTSEVA / AFP via Getty Images

ဇွန် ၆ – ၂၀၂၆

နှစ်နိုင်ငံကြားက စစ်ပွဲကို အဆုံးသတ်ဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး ဘက်က လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆို ခဲ့ပြီး နောက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဇီလန်းစကီးနဲ့ တွေ့ဆုံဖို့ ဘာမှအကြောင်းမှ မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ အကြီးစား ကျူးကျော်မှုနဲ့အတူ စတင်ခဲ့တဲ့ ဒီစစ်ပွဲ အပေါ် အမေရိကန်ရဲ့ အာရုံစိုက်မှု ပြန်လည်ရောက်ရှိလာမယ့် အချိန်အထိ “ဒီအတိုင်း ထိုင်စောင့်နေမယ် ဆိုရင် မှားလိမ့်မယ်” လို့ ရေးသားထားတဲ့ ပူတင်ထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာ တစောင်ကို ဇလန်စကီးက ကြာသပတေးနေ့ တုန်းက ပေးပို့ပြီး တိုက်ရိုက် မျက်နှာချင်းဆိုင် ညှိနှိုင်းဖို့ တောင်းဆို ခဲ့တာပါ။

ယူကရိန်း သမ္မတဟာ အပစ်အခတ် ရပ်စဲရေးကိုလည်း တောင်းဆိုခဲ့ပြီး၊ စာရဲ့ လေသံမှာတော့ ရန်စ စိန်ခေါ်တဲ့ပုံစံ၊ သရော်လှောင်ပြောင်တဲ့ ပုံစံ မျိုးကို သုံးနှုန်းထားပါတယ်။

ပူတင်ကတော့ ဒီစာဟာ “ရိုင်းပျတယ်” လို့ ဆိုကာ တွေ့ဆုံဖို့ တောင်းဆိုချက် ကို ပယ်ချခဲ့ပြီး အပစ်အခတ် မရပ်စဲခင်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အရင်ဆုံး လုပ်ဆောင်ရမယ် ဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက် ကို ထပ်လောင်းပြောဆိုခဲ့ပါတယ်။

သောကြာနေ့တုန်းက စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်တဲ့ ရုရှားရဲ့ နှစ်ပတ်လည် စီးပွားရေး ဖိုရမ်မှာ ပစ္စတာ ပူတင် က ပြောကြားခဲ့တာ ဖြစ်ပြီး ဇလန်စကီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံမလားလို့ မေးမြန်းတဲ့ အခါမှာတော့ ပူတင်က “လောလောဆယ်တော့ ဘာအကြောင်းမှ မရှိဘူး” လို့ ဖြေကြားခဲ့ပါတယ်။

“ဒါဟာ လူကိုယ်တိုင်တွေ့ဆုံဖို့ အခြေအနေတွေကို ဖန်တီးပေးတဲ့ နည်းလမ်းလား၊ ဒါမှမဟုတ် မတွေ့ဆုံဖြစ်အောင် လုပ်တဲ့နည်းလမ်းလား။ ကျွန်တော် ကတော့ ဒုတိယအချက်လို့ပဲ ထင်တယ်” လို့ သူက ဆိုပါတယ်။

ပူတင်ရဲ့ တုံ့ပြန်မှုကို ကြားသိရပြီးနောက်မှာတော့ ဇလန်စကီးက ရုရှားဟာ “စစ်ပွဲကို နောက်တကြိမ် ရွေးချယ်လိုက်တာပဲ” လို့ ပြောဆိုခဲ့ပါတယ်။

“သူက စစ်ပွဲကို မဆုံးသတ်ချင်ရုံ သက်သက်ပါပဲ၊ ဒီအဖြေကြောင့် ကမ္ဘာပေါ်က လူတော်တော်များများ စိတ်ပျက်သွားကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ သူက တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဇလန်စကီးရဲ့ စာနဲ့ပတ်သက်ပြီး ပြောကြားစဉ်မှာ ပူတင်က အပစ်အခတ် ရပ်စဲရေးဟာ ယူကရိန်းကို ပြန်လည်အင်အားစုဖို့ပဲ အခွင့်အရေး ရစေမှာ ဖြစ်ပြီး၊ မော်စကိုဘက်က ကီးယက်ဗ် ဆီကနေ လိုချင်တဲ့ အလျှော့အတင်း လုပ်မှုတွေ ကလည်း မရသေးဘူးလို့ သူ့ရဲ့ရပ်တည်ချက်ကို ထပ်ပြောခဲ့ ပါတယ်။

“ကျွမ်းကျင်သူတွေ နဲ့ အဖြေ တချို့ ထွက် လာအောင် အရင်လုပ် ပါစေ၊ အဲဒါတွေပြီးမှ ကျွန်တော်တို့ တွေ့ဆုံနိုင်မှာပါ” လို့ ပြောပါတယ်။

ပူတင်က ရုရှားရဲ့ ရည်မှန်းချက်တွေ ပြည့်မှသာ စစ်ပွဲကို အဆုံးသတ်မှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

“စစ်ရေးလှုပ်ရှားမှုတွေ ကတော့ တနေ့နေ့မှာ ပြီးဆုံးသွားမှာပါ၊ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ပြီးတာနဲ့ စစ်ပွဲက သေချာပေါက် ပြီးဆုံးသွားမှာပါ” လို့ ဆိုပါတယ်။

ရုရှားရဲ့ ရေရှည် ရပ်တည်ချက်ကတော့ ယူကရိန်းအနေနဲ့ ဒိုးနက်စ်၊ လူဟန့်စ်၊ ခါဆွန်နဲ့ ဇာပိုရီရှား ဒေသတွေ ကနေ ဆုတ်ခွာပေးရမှာဖြစ်ပြီး နေတိုး အဖွဲ့ထဲဝင်ဖို့ ကြိုးပမ်းမှုတွေကိုလည်း စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကီးယက်ဗ် ဘက်ကတော့ နယ်မြေပေးဖို့ကို ငြင်းပယ်ထားပြီး၊ မော်စကို အပေါ် ဘယ်လို အလျှော့အတင်းမျိုးမဆို လုပ်ပေးရင် အနာဂတ်မှာ နောက်တကြိမ် ကျူးကျော်ဖို့ ရဲဆေး တင်ပေးသလို ဖြစ်လိမ့် မယ်လို့ ဆိုကာ ခရိုင်းမီးယားကျွန်းကို တရားမဝင် သိမ်းပိုက်ပြီး ၈ နှစ် အကြာမှာ အခုလို အကြီးစား ကျူးကျော်မှု ရောက်လာတာကို ထောက်ပြခဲ့ ပါတယ်။

ဇလန်စကီးက သူ့ရဲ့စာထဲမှာ ပူတင်အနေနဲ့ “အာဏာရလာတာ ၂၆ နှစ်ရှိပြီ ဖြစ်လို့ အသက်အရွယ် ကလည်း သူ့အပေါ် သက်ရောက်မှုရှိလာပြီ” လို့ ဖော်ပြခဲ့သလို၊ ကြာသပတေးနေ့က စိန့်ပီတာစဘတ်မြို့ကို ဒရုန်းနဲ့ တိုက်ခိုက် ခဲ့မှု ကိုလည်း “အလည်လာခြင်း” လို့ တင်စားပြီး ရုရှား ပိုင်နက်ထဲ ကို ယူကရိန်းရဲ့ မကြာသေးခင်က တိုက်ခိုက်မှုတွေကို အသားပေး ရေးသားခဲ့ပါတယ်။

ပူတင်ကတော့ ဒီစာထဲမှာ “တော်တော်လေး ရိုင်းပျတဲ့ မှတ်ချက်အချို့” ပါဝင် နေတယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အဲဒီခေါင်းဆောင်နှစ်ဦး တကယ်တွေ့ဆုံကြမယ်ဆိုရင် “တကယ့်ကို ကောင်းမွန်လိမ့်မယ်” လို့ ပြောကြား ခဲ့ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *