မေလ ၂၆ – ၂၀၂၆
ရုရှားကနေ ယူကရိန်းမြို့တော် ကီးယဗ်မြို့ကို အသံထက်မြန်တဲ့ ပဲ့ထိန်း ဒုံးတွေ အပါအဝင် အကြီးအကျယ် တိုက်ခိုက်မှုတွေ လုပ်ပြီးတဲ့နောက် နောက်ထပ် စနစ်တကျ တိုက်ခိုက်မှု လှိုင်းတွေ ထပ်လာမယ်လို့ ခြိမ်းခြောက် လိုက်ပြီး နိုင်ငံခြားသားတွေ မြို့ကနေ အမြန်ဆုံး ထွက်ခွာ သွားကြဖို့ သတိပေးလိုက်ပါတယ်။
ကီးယက်ဗ် မြို့ထဲမှာရှိတဲ့ “ဆုံးဖြတ်ချက်ချတဲ့ ဗဟိုဌာနတွေနဲ့ ကွပ်ကဲမှု ရုံးတွေ” အပြင် ဒရုန်းထုတ်လုပ်တဲ့ စက်ရုံတွေကို ပစ်မှတ်ထားမှာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မော်စကိုဘက်က နိုင်ငံခြားသားတွေနဲ့ သံတမန်တွေကို ကီးယက်ဗ်မြို့ ကနေ အမြန်ဆုံး ထွက်ခွာကြဖို့ တောင်းဆိုထားသလို၊ ပြည်သူတွေကို လည်း အုပ်ချုပ်ရေးနဲ့ စစ်ဘက် ဆိုင်ရာ အဆောက်အအုံတွေနား မသွားကြဖို့ သတိပေးထားပါတယ်။
ယူကရိန်းဘက် ကတော့ ရုရှားရဲ့ ထုတ်ပြန်ချက်ဟာ ‘’အရှက်သိက္ခာမရှိ ခြိမ်းခြောက်တာထက် မပိုဘူး’’ လို့ ပြောကြားလိုက်ပြီး မော်စကို အပေါ် ပိုပြီး ဖိအားပေးကြဖို့ မဟာမိတ်တွေကို တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံခြားသားတွေကို ထွက်ခွာဖို့ သတိပေးလိုက်တာဟာ ရုရှားအနေနဲ့ ဗုံးကြဲ တိုက်ခိုက်မှုကို နိုင်ငံခြား သံတမန်တွေကိုပါ ရည်ရွယ်တယ်ဆိုတာ “ကိုယ်တိုင်ဝန်ခံ လိုက်တာပဲ” လို့ ယူကရိန်းဘက်က ပြောပါတယ်။
စစ် စတင်ကတည်းက ကီးယက်ဗ်အပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ တပတ်မှ ရပ်နားခြင်း မရှိတာကြောင့် အခုလို လုံခြုံရေး ခြိမ်းခြောက်မှုဟာ “အရင်နှစ်တွေ အရင်လတွေက အတိုင်းတူတူပဲ” လို့ ယူကရိန်း ထုတ်ပြန်ချက် မှာ ထည့်သွင်း ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ညက ရုရှားရဲ့ အလုံးအရင်းနဲ့ တိုက်ခိုက်မှုကြောင့် ကီးဗ်နဲ့ တခြား ဒေသတွေမှာ လူ ၄ ယောက် သေဆုံးပြီး လူ ၁၀၀ နီးပါး ဒဏ်ရာ ရခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ Oreshnik ဆိုတဲ့ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံး နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲအတွင်း တတိယမြောက် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
မော်စကို ကတော့ ပြီးခဲ့တဲ့ သောကြာနေ့က Starobilsk မြို့ ကျောင်းသား အဆောင်တခုကို ယူကရိန်းဘက်က တိုက်ခိုက်ခဲ့လို့ လူ ၂၁ ယောက် သေဆုံးခဲ့လို့ လက်တုန့်ပြန်တာ၊ လက်တုန့်ပြန်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယူကရိန်းစစ်တပ် ဘက်ကတော့ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း အရှေ့ပိုင်း ဒေသက ရုရှားရဲ့ အထူး ဒရုန်းစစ်ဆင်ရေး ယူနစ်တခုကိုပဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်မထားခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။
ရုရှားဟာ ယူကရိန်းမြို့တော်ကို ပဲ့ထိန် ခရုစ် ဒုံးကျဉ် အစင်းပေါင်း များစွာ အပြင် ဒရုန်း ရာနဲ့ချီ သုံးခဲ့သလို၊ ကီးယက်ဗ်မြို့ တောင်ဘက် ၉၀ ကီလိုမီတာ အကွာက Bila Tserkva ဒေသကိုလည်း နျူကလီးယား ထိပ်ဖူး သယ်ဆောင် နိုင်တဲ့ အသံထက်မြန်တဲ့ Oreshnik ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ ပါတယ်။
တနင်္လာနေ့ ညနေပိုင်းမှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ရို့ဗ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ ဖုန်းပြော ဆိုရာမှာ ကီးယက်ဗ်မြို့ကနေ အမေရိကန် သံတမန်တွေကို ရွှေ့ပြောင်း ပေးဖို့ တိုက်တွန်း ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထား ပါတယ်။
ref: bbc
—————————
THN Public Media
